Sunday, April 5, 2015

စိတ်စက်ကွဲပြို

၁။

နားနဲ့ ဆတ်ဆတ်
ကြားခဲ့ရတဲ့ သီချင်းတစ်ပုဒ်ရှိလေရဲ့။

၂။

ပထမဆုံး..
တွေ့စမှာ နင့်လက်က
ကျောက်ပုတီးလက်ကောက်လေးကို
တောင်းယူသိမ်းဆည်းချင်ခဲ့မိတဲ့အကြောင်း ၊
အင်းလျားတစ်ခုလုံး
ကန်တင်းသေးသေးလေးထဲ
မိုးဝင်ခိုရတဲ့ နေ့ရက်ရွှဲရွှဲတွေအကြောင်း ၊
မေတ္တာဟာ
လေပုပ်ထုတ်ဆေးအမည်သာ ဖြစ်သွားတဲ့အကြောင်း ၊
ခိုးကြည့်ကာမှ လူမိသွားတဲ့
ရက်ရာဇာတစ်ချို့အကြောင်း ၊
တိမ်ခြေရီပြာ
ဤကာလာနှင့် အစချီပြီး
မပြောချင်တဲ့အကြောင်း..။

၃။

ကြားနာမှုမှာ အသံတွေပါမလာဘူး
ငါ့စိတ် နေတက် ရေတက်မှာ
စုံပိုင်းက စဖွားတဲ့ သားဦးစနေဟာ
ဒီကဗျာပဲ
ဓားထမ်းပြီး ခုနစ်ခေါက်တိတိဖတ်ပါ။

ငါ့ဖက်က ရေဒီယိုသတ္တိကြွမှုကြောင့်
နင့်နှလုံးသားပေါ် အဆိပ်မိုးတိမ်တွေ
ရွာမချစေရဘူး။

စိတ်ကတိဟာ
နှုတ်ကတိမဟုတ်လို့
ဘယ်သူ့မှမယုံကြည်တောင်
သေရာပါခဲ့။

၎။

နေစပ်စပ် ၊ မိုးစပ်စပ်ကြား
ပွင့်လာတဲ့ သက်တံမဟုတ်လို့ အရောင်တွေ ဗျာမများဘူး
ချစ်ခြင်းတစ်ခုတည်းပေမယ့်လည်း
ငါ့မှာ အကျအရှုံးများခဲ့ရပါတယ်။

စိုက်ပျိုးထုပ်ပိုးခဲ့တဲ့ နှစ်ကာလတွေ
နှင်းဆီကို ဘယ်လိုနာမည်ပေးပေး
ဆူး စူးမိရင်တော့ နာကျင်ရတာချည်း…။

*ကိုယ့်ငါးမျှားချိတ်ကိုကိုယ်တိုင်ပြုလုပ်ပြီး
ကိုယ့်အာခေါင်မှာ ချိတ်ခဲ့တဲ့နေ့က
စတော်ဘယ်ရီခင်းကြီးကလည်း
နီရဲ လှပနေလိုက်တာ*

မကြာသေးပေမယ့်လည်း
ကြာခဲ့ပါပြီကွယ်..။

၅။

ဖဲကြိုးဝါတွေ..
ပါးချိုင့်တွင်းနက်ထဲ ခုန်ဆင်းပျော်ဝင်မိတာတွေ..
နံ့သာရောင် သနပ်ခါးမှုန့်လေးအကြောင်း..
ရင်ဘတ်တစ်ခုလုံး ဆူးစူးတာ
ပရုတ်လူးရုံနဲ့ မပျောက်ဘူးဆိုတာတွေ..
နှုတ်ခမ်းဖျားပေါ်က မှဲ့ရှင်လေးနဲ့
ဒို ရေ မီ သံစဉ်တွေ
သုံးရမှာလည်း ရှက်လှပါပြီ။

လူတိုင်းဟာ ကိုယ့်ဘ၀မှာတော့
ဇာတ်လိုက်ချည်းဆိုတဲ့ စကားသာမှန်ခဲ့ရင်
လဲသေပစ်လိုက်လို့ရတဲ့ ဇာတ်ကို
ရေးခဲ့တာဘယ်သူလေလဲ..။

မျက်ရည်လွယ်တဲ့ အဲဒီဇာတ်ကောင်ကိုက
ရိုင်းတယ်..။

၆။

လူးနေတဲ့လှေဟာ ကံကြမ္မာလို့
ယိုးစွပ်ကြပါစို့..
ဘုန်းကြီးရူးဟာ
ငါ
ဒီအဖြစ်အပျက်မှာ
တရားနဲ့ပဲ ဖြေရမလား
ဘုရားပဲ တ ရလေမလား..။

ဂါထာ လူတိုင်းပေး
တေး ဖြစ်သတဲ့..
နာကျင်မှုကို တေးလုပ်ဆိုရတဲ့အခါ
မျှော်လင့်ခြင်းတွေဟာ ဂါထာဖြစ်သွား
နှုတ်တက်ရွရွ အလွတ်ရတဲ့အထိကို
ရင့်ရင့်သီးသီး..။

၇။

ငါ့ခေတ်ကြီးတစ်ခုလုံး
လက်ဝါးကြီးအုပ်ထားတဲ့ မိန်းကလေးရေ..
နင့်ပျော်ရွှင်မှု ၊ ၀မ်းနည်းမှုတွေ အကုန်လုံး
GET NOTI ယူထားချင်ရဲ့..

ကြေကွဲရခြင်းသာ
ငါ့ ပေးပါ။

၈။

ဒီလိုနဲ့ ဝေးသွားတော့မှာပါပဲ
ငါကိုက ခက်တယ်
တဇွတ်ထိုး တဇောက်ကန်း
စံပယ်တွေ မပွင့်တဲ့လမ်းကိုမှ
လျှောက်လှမ်းချင်သူ..။

ခွမ်းခနဲ ကျကွဲသွားတဲ့
သစ်ရွက်ကြွေတွေရဲ့ အသက်ရှူသံမှာ
နာဖျားကြလော့..။

အဲဒီကျိန်စာမှာ
အသက်ထိတိုင် ပါသွားတယ်
ပြန်ဆယ်ယူလို့ မရတော့တဲ့
နစ်မြုပ်မှုထဲ
ငါကိုယ်တိုင် မုန်တိုင်း
ငါကိုယ်တိုင် ရေခဲတောင်
ငါကိုယ်တိုင်ကိုက တိုင်တန်းနစ်ပါပဲ။

၉။

ရိုက်ခွဲ
ရိုက်ခွဲ..
ရိုက်ခွဲကြတော့..။

တောင်တို့လည်း ပြိုပြီ
တောတို့လည်း ပြုန်းပြီ
မြစ်တို့လည်း ခမ်းပြီ
ညနေကြယ်တို့ မလင်းတော့..

ကောင်းကင်တစ်ခုလုံး
ဟုန်းဟုန်းထလောင်
ကလေးတွေ သီကြွေးနေတဲ့ တဘောင်မှာလည်း
အရှုံးတွေချည်း..။

နင်မရှိတဲ့ဖက်ကမ်းမှာ
ကူးတို့ခပေးပြီး ငါ့ကို
လွမ်းခိုင်းပါ..

*ကိုစောညိန်းရဲ့ သစ္စာသာ
ကျွန်တော်ဆိုခဲ့ပါတယ်*

၁၀။

ငါ့ကို မယုံလည်း
ငါ့ကို ယုံပါ
အလင်းစက်တို့ ကြဲပက်ထားတဲ့
ဝတ်ရုံလွှာကို ခြုံ၍ ငြိမ်သက်ကုံလုံစေ..

ဟိုး..ဝေးဝေးက လွင့်လာတဲ့
ဆည်းလည်းသံလေးတောင်မှ
ငါမှန်းသိတာနဲ့ အသံတွေ
ခွါချထွက်ပြေး
အဆွေးကြီးဆွေးပေတော့ တဲ့..။

ထပ်ပြောမယ်
ငါ့ကို မယုံလည်း
ငါ့ကိုပဲ ယုံပါ။

ငါ့ခံစားမှုအမှိုက်က
နင့် ရင်နန်းပြဿာဒ်ကို မီးတိုက်မရခဲ့ပါဘူး။

၁၁။

စိတ်လိုလက်ရ
မျက်ရည်စီးကြောင်းတွေ အိုင်ဖွဲ့ဝေ့သီနေတဲ့
စာအုပ်လေးပေါ်ကတဆင့်
ဘယ်တော့မှ မငြိမ်းနိုင်တော့မယ့်
ငါ့ မီးတောက်လေးဟာ နင်ဖြစ်တဲ့အကြောင်း
အသံဝင်သွားတဲ့ ဘောလ်ပင်လေးမှာ
အသက်ဓာတ်အပိုမပါတဲ့အကြောင်း
ပုံပြင်တွေ
< ပုံပြင်တွေလို့ပဲ ဆိုရမယ့် >
ပုံပြင်တွေ
ငါ..
ပြောပြချင်သေးရဲ့။

၁၂။

ရှိစေတော့..

တနင်္ဂနွေအစ
စနေအဆုံး
ငါပြောသမျှ ပြက်လုံးချည့်ပါပဲ။

နင့်အတွက် ရည်စူးတဲ့ကဗျာဆိုပေမယ့်
< ခုနစ်ခေါက်တိတိဖတ်ပါ ဆိုခဲ့ပေမယ့် >
နင် .. မွန်းကြပ်မှာစိုး
နောက်ဆုံးအနေနဲ့ ငါ့စကားလုံးတွေ
ရိုက်ချိုးပစ်ခဲ့ပါတယ်။

ဆောင်းမနက်ဦးမှာ ဖွားတဲ့
နှင်းစက်ဖြူလေးလို ရှင်းသန့်ကြည်မွေ့စေ..။

၁၃။

အမှတ်တရဆိုတာ
တစ်ချိန်မှာ.. အတိတ်ကို ခဏဖြစ်ဖြစ်
လည်ပြန်ငဲ့ကြည့်လို့ရမယ့်
မီဒီယမ်တစ်ခုပဲ။

ဒီကဗျာကို
ငါ့အတွက် ငါလိုအပ်လို့ ရေးခဲ့ပါတယ်။

စိ တ် စ က် ကွဲြ ပို ။

နွေရိပ်
3.Nov.2013 (Sun)
2:31 AM

* “ဓနုဖြူတွင်” ချီ ရတု - စိန္တကျော်သူ ဦးသြ
*ရေနစ်တဲ့ရေ - သုခမိန်လှိုင်
*ဂန္တ၀င်မမ - အောင်ချိမ့်

No comments:

Post a Comment

Note: Only a member of this blog may post a comment.