Sunday, April 5, 2015

အုတ်ကျစ်ကျော်အေး

ဦးခန္တီရဲ့ မေတ္တာရိပ်နဲ့
ငါ့ရဲ့မန္တလေးမဟုတ်တဲ့
ငါ့ရဲ့ မန္တလေး
အလှမ်းမဝေးပေါင် မန္တလေးတောင် တဲ့
ဆရာတင် ရဲ့ မန္တလေး
ရေညိုညို ရစ်ခတ်သန်းတော့
ရွှေမန်းတောင်ရိပ်တူတူခိုမယ့်
မြို့မငြိမ်းရဲ့ မန္တလေး
ဦးအံ့ကြီးရဲ့ မန္တလေး
ဈေးချိုတော် နဲ့ အာဇာနည် ၁၇ ဦးအကြောင်း
နာရီစင်ကြီးရဲ့ လက်တံတွေက
ညွှန်းဆို ပြောပြနေလေမလား
တမေ့တမော ငေးကြည့်ခဲ့ရတဲ့ မန္တလေး
အုတ်တစ်ချပ်တိုင်း သမိုင်းတစ်ပွင့်ပွင့်တယ်
နန်းမြို့ရိုးအတွင်းသားထဲက အသံတွေ
လှိုင်းအလျား ဘယ်လောက်နဲ့ တုန်ခါလွှင့်ထုတ်နေမလဲ
ဖမ်းယူ စူးစိုက်ချင်မိတဲ့ မန္တလေး
ရွှေဥဒေါင်း
ဒေါ်အမာ
စသဖြင့် စသဖြင့်
စသဖြင့်တွေအများကြီးနဲ့ မန္တလေး
သူ့အကြောင်းပြောရင် လေးမြတ်ချစ်ခင်တဲ့စိတ်ကို
လေသံတွေ ဖိ ဖိပြီး ပြောရမယ့် မန္တလေး။

ခုတော့..
မန္တလေးဟာ မန္တလေးကို ပြန်မှရပါ့ဦးမလား
မန္တလေးကိုယ်တိုင် မေးယူနေရတဲ့ မန္တလေး
မိုး ဆို တရုတ်ဖြစ် ထီးနဲ့ မိုးကာနဲ့
ဆောင်းဆို တရုတ်ဖြစ် အနွေးထည်နဲ့ ခြုံစောင်နဲ့
ပူအိုက်ရင်တောင်မှ တရုတ်ဖြစ် နွေ လားလို့
ထိတ်လန့်ယူရမယ့်
လေသံတွေ ၀ဲ ၀ဲ လာတဲ့ မန္တလေး။

မန္တလေးဟာ သွားရည်ယိုနေသူတွေအတွက်တော့
အဆီတ၀င်းဝင်းနဲ့ အသားတစ်တုံးပဲ
တစ်ပါးသူတွေရဲ့လက်ဆီ
ခုတ်ထစ်ကြော်ကျွေးခံရ
အုတ်ကျစ်ကျော်အေး
မန္တလေး။

နွေရိပ်
နှစ်ဆယ့်သုံး၊ မတ်၊ နှစ်ထောင့်ဆယ်လေး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.