Wednesday, September 4, 2019

ညီမလေးသို့ (၈)


"ဘဝမှာ တစုံတယောက်ကို အဆုံးစွန်ထိ ချစ်ခဲ့ဖူးတယ်မလား။ ဆက်ရှင်သန်ဖို့အတွက် လုံလောက်တာပါပဲ"

ကိုယ့်အပြောမှာ ညီမလေး၏ တန်ပြန်မေးခွန်းကလေး နှလုံးထဲ တည့်တည့်ထိမှန်လေသည်။

"တယောက်ယောက်ကို အဆုံးစွန်ထိ နာကျည်းမုန်းတီးခဲ့ရင်ကော.."

ပုခုံးကို တွန့်လိုက်ပြီးမှ ဆက်ပြောပြန်သည်။

"ရှင်သန်ဖို့ လုံလောက်တာပဲမလား"

ကိုယ့်အား အဆုံးစွန်ထိ မချစ်မြတ်ခဲ့ဖူးသူ၏ နှုတ်ခမ်းအဟတွင် ဆူးခက်ဓားချွန်တို့ လက်ခနဲ မြင်လိုက်ရ၏။

"ဆက်ရှင်သန်ဖို့ အထောက်အပံ့ဖြစ်တယ်ဆိုရင် ညီမလေးရဲ့ အမုန်းတီးအနာအကျည်းဟာလည်း ပျော်စရာပါပဲ" လို့ ခွန်းတုံ့ပြန်မိသည်လား မပြောတတ်တော့။

ဒဏ်ရာဟာ အမာရွတ်ဖြစ်သွားတယ် သိလား။ ကြယ်တွေလို လဲ့လဲ့ကလေး ပြုံးပြီး တတ်နိုင်သလောက် လင်းမြနေဦးမှာပါပဲ။ ညီမလေးက ဆောင်းရာသီထဲ မှာ ကျန်ခဲ့ပြီး ကိုယ်တယောက်တည်း နွေဥတုဖြစ်နေခဲ့တာ။ ညီမလေးရဲ့ ပုံပြင်ထဲက ခုံတန်းကလေးမှာ ကိုယ့်ပို့စ်ကတ်လေးတွေ အစီအရီ လဲကျသေဆုံးနေခဲ့ရင် နွေဆိပ်သင့်တာလို့ မှတ်ပါ။ မမြင်နိုင်တဲ့စာတွေကို မီးနဲ့တိုက်မှ ပေါ်လာတတ်တဲ့ ငယ်ငယ်က စာရေးနည်းကလေးလိုပေါ့။ အရာအားလုံးဟာ လောင်ကျွမ်းပြီးမှ မြင်ခွင့်ရခဲ့တာ။
စကားသံတို့ စိတ်ထဲမှာတင် ပိတ်မိကျန်ရစ်ခဲ့ခြင်း ပြာဋိတ်ဟာကို အပြုံးဖြင့်သာ ပြခဲ့သည်။ ညီမလေး၏ အမုန်းတရားမှ ပွင့်သော အမည်းရောင်ဘုရားမှာ ကိုယ်ဖြစ်၏။ ခက်ခဲစွာ ရှင်သန်ရခြင်း တရားဦးကို ပြန်မလာမြစ်ထဲ ရွှေခွက်လို တကိုယ်စာ မျှောရစ်ခဲ့ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.