ဘဝမှာ ကျနော်တို့ ဘာတွေကို ယုံကြည်မိခဲ့ကြသလဲ
မသိချင်တော့တဲ့ နေ့ရက်တွေ ရှိကောင်းရှိကြပါလိမ့်မယ်။
မည်းနက်နေတဲ့ကောင်းကင်ပေါ်က ကြယ်တွေကို ငေးပြီး တစုံတယောက်ရဲ့
မျက်ရည်တွေလို့ သွေးရူးသွေးတန်း ထိုင်အော်ခဲ့ကြဖူးမှာ။ တကယ်တော့
ကိုယ်တိုင်ငိုကြွေးမရတော့ခြင်းဟာ ပြဿနာမှမဟုတ်ခဲ့ပဲ။ တချို့မျက်ရည်တွေက
သိပ်လှတယ်။ အနည်းဆုံးတော့ လှခဲ့တာပဲမဟုတ်လား။ ကော်ဖီတခွက်မှာ
အချိုဓာတ်ဘယ်လောက်ပါသလဲထက် ကျနော်တို့ဟာ ခါးသက်တဲ့အရသာကလေးကိုသာ
တစိမ့်စိမ့် မှတ်မိနေခဲ့တာပေါ့။ နှင်းတွေ ကိုယ့်အနားမှာ
မဖွဲတော့ဘူးလို့ပြောပြီး အဲဒီမှတ်ဉာဏ်တွေထဲကနေ ခုန်ခုန်ချတယ်။
လွတ်မြောက်ပါစေ ပြောခဲ့တဲ့ ပင်လယ်ကလေး မြူးထူးထွက်ခွာသွားတာကို တသသ
ထိုင်ကြည့်တယ်။ မေ့သွားပါစေဆိုတဲ့ ပို့စ်ကတ်ကလေးတွေ သတိရတိုင်း ခဏခဏ
ပို့လို့။ အဲဒီစက္ကူလှေတွေ။ တိမ်တွေဟာ အတိတ်ကိုသယ်ဆောင်လာခဲ့ပြီး
ကိုယ့်ရှေ့ရောက်တိုင်း ခဏခဏ ပျက်ကျတယ်။ Gravity ကို လွန်ဆန်ပြီး
ပျံတက်သွားတဲ့ ကြယ်တွေဟာ ကိုယ့်မျက်ရည်တွေပေါ့။ နားထဲ ထိုးထည့်ထားတဲ့
နှင်းဆီကိုင်းတွေ မမွှေးတော့ဘူး။ ပျော်ရွှင်သံတွေကို စက်ဆုပ်လာတဲ့အထိ
သေးသိမ်သွားတဲ့ နားကြပ်ကလေးဟာ ကိုယ့်မသိတတ်ခဲ့မှုပါပဲ။ Beat
သံအကျယ်ကြီးကြားတယ်။ တခါတလေမှာ ပုံပြင်တွေပြန်ရှင်လာဖို့အတွက် ကျနော်တို့ဟာ
သေပေးရတတ်ပါတယ်။ ဇာတ်လမ်းအစမှာ လေးတော်ကို တနင့်တပိုး မ, ခဲ့လည်း
အသက်ကိုးချောင်းစလုံးဟာ မြားတစင်းတည်းနဲ့။ ဆွတ်ဆွတ်ဖြူနှင်းတွေရဲ့အပေါ်
ကြောင်ခြေရာကလေး ရှာမတွေ့တော့။ ကံကုန်ခဲ့ခြင်းမှာ နှမျိုးနှစားရှိပါတယ်။
အဖြတ်ချခံလိုက်ရခြင်းနဲ့ Suicide ချိုချဉ်။
နွေရိပ်
21 March 2018
No comments:
Post a Comment
Note: Only a member of this blog may post a comment.