Wednesday, September 4, 2019

စန္ဒယားပေါ်က နှင်းတွေ

၁။

ဘဝကို တကိုယ်တည်းအထီးကျန်စွာဖြတ်သန်းရင်း နေဝင်ချိန်သို့ ရောက်ရှိလာသော အဘိုးအိုတဦး၏ နောက်ဆုံးသော ဆည်းဆာအရောင်တို့ အခန်းထဲ မှုန်ဖွဲပြာနွဲ့နေ၏။ တိုတောင်းလွန်းသည်ဟုထင်စဖွယ်ရှိသော လူအဖြစ်မှာမှ နာကျင်ရှည်လျားနေရခြင်းကို စက်ဆုပ်လွန်းနေသည့် အဘိုးအို၏ အပြုံးမှာ ဆည်းဆာအောက်၌ အထင်အရှား။ ထွက်ခွာရမည့်လမ်းကို သူ သိသည်။ စွန့်ခွာရမည့် စစ်တလင်းကို သူမြင်သည်။ စိတ်ကိုတင်းသော်လည်း ခန္ဓာ၏ တရွတ်ဆွဲခေါ်ရာနောက်သို့ ချိနဲ့ပျော့ခွေလွန်းစွာ လိုက်ပါရတော့မည်။
ချုပ်ငြိမ်းလုမီးစာ၏ နောက်ဆုံးဆန္ဒကလေးကိုပင် နားထောင်မည့်သူမရှိခြင်းအဖြစ်၌ စိတ်ကို လျှော့ချမိ၏။ ရွတ်တွပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသော မျက်ရည်စတို့နှင့်အတူ သိစိတ်တခုလုံး မေ့မျောခြင်းအဟုန်၌ မြုပ်လေ၏။

၂။
ကွင်းပြင်အကျယ်ကြီးတခုသို့ သူရောက်နေ၏။ စိတ်တို့ ပေါ့ပါးလန်းဆတ်နေခြင်းကို အံ့သြမဆုံးဖြစ်နေ၍မှ မဆုံးသေး ရုပ်ခန္ဓာတခုလုံး ဖျတ်လတ်ငယ်ရွယ်နေသည်ကို သတိပြုမိသွားပြန်သည်။ စဉ်းစားနေချိန်မရသေးခင်မှာပဲ သူရောက်ရှိနေသော ကွင်းပြင်ကျယ်ကြီးအပြည့် မီးပုံးရောင်စုံများ လွင့်ပျံတက်လာသည်။ တချို့မီးပုံးများမှာ ကောင်းမွန်စွာလွှတ်မတင်ရသေးခင်မှာပဲ ပြန်လည်ပြုတ်ကျပြီး၊ တချို့ မီးပုံးများမှာ သူ့ဦးခေါင်းထက်၌ လှပစွာ ဖြာလွင်ပေါက်ကွဲလေ၏။ အောင်မြင်စွာပျံတက်ပြီး အလှအပဆုံး ပေါက်ကွဲလှပလွန်းသော မီးပုံးပျံများကို သူချစ်သည်။ ဘဝမှာ မီးပုံပျံကလေးတလုံးလည်း ဖြစ်ဖူးချင်လှသည်ကို ပြန်အမှတ်ရမိသွား၏။ မက်မောစွာပင် သူပြုံးဖြစ်လေသည်။

၃။
လွင့်တက်သွားသော မီးပုံးပျံများကို ငြိမ်ဆိတ်လွန်းစွာ ငေးနေခိုက်မှာပဲ ခေါ်သံတစုံတခုကို သဲ့သဲ့ကလေး ကြားရ၏။ ရင်းနှီးလွန်းလှသည့် အသံကလေး။ စိတ်နှလုံး ဝါဂွမ်းတို့ကို နူးညံ့စွာ တို့လာသည့် လေသံသဲ့ကလေး။ ဖြည်းညှင်းစွာ လှည့်ကြည့်မိလေ၏။ ကြည်ရွှင်လွန်းသည့် အပြုံးတို့၌ ချိုသာလွန်းသော ကမ္ဘာကို တည်မိပါသည်။

၎။
သတိပြန်ဝင်လာသောအခါ လဲလျောင်းနေရသော သံကုတင်၏ အေးစက်မာကျောမှုကို အရင်ဆုံးခံစားမိလေသည်။ ပါးပြင်၏ စိုထိုင်းဆကို တွက်ဆ၍ မခြောက်နိုင်သေးသော မျက်ရည်စတို့ကို စိတ်ထဲမှ ကျိန်ဆဲမိပြန်၏။ ခန္ဓာ၏ နာကျင်အားနှင့် စိတ်၏နာကျင်နှုန်းတို့ကို လိုက်လံငေးမောမိပြန်သည်။ အသံထွက် ညည်းတွားသော်လည်း ထွက်ကျမလာသော အသံတို့၌ ပျော်ရွှင်မိပြန်၏။ တိတ်တိတ်ကလေး ပြုံးဖြစ်သည်ဟု ထင်ပါသည်။

၅။
တိတ်တိတ်ကလေးဟု တွေးမိသောအခါ စကားတို့ တခွန်းမှ မဆိုနိုင်ပဲ ပြေးထွက်လာခဲ့ရသော အမောတကော ညနေတခုကို မှတ်မှတ်ထင်ထင် သတိရမိပြန်၏။ ထိုညနေကလေးကို တကြိမ်လောက်များပြန်ရခဲ့လျှင်ဆိုသော အတွေးတို့ဝင်လာသည်။ အခြေအနေတို့ တမျိုးတဖုံ ပြောင်းလဲကောင်းပြောင်းလဲနိုင်လိမ့်မည်။ အနည်းဆုံးတော့ ထိုသို့ သူထင်သည်။ တကြိမ်လောက်များ ပြန်ရခဲ့မည်ဆိုပါလျှင်..။

၆။

"အဲဒီညနေကလေးကို ပေးပါ၊ ငါ့ဘဝထဲက ကြိုက်တာယူပါ"

မိမိစိတ်ထဲမှ အသံ၏ လင်းအားကို တစုံတဦး ကြားမိသွားပုံရ၏။
ရုတ်ချည်း ငြိမ့်ခနဲဖြစ်သွားပြီး ပိတ်ထားသောမျက်ခွံတို့ကို ဝင်းခနဲထိုးဖောက်ဝင်ရောက်လာသော မီးရောင်သဲ့သဲ့ကို နားစွင့်ခံစားလိုက်ရ၏။
ကွင်းပြင်တခုထဲ သူ ထပ်မံရောက်ရှိသွားပြန်သည်။ လွင့်ပျံနေသော မီးပုံးတို့ကို လိုက်လံငေးမောနေတုန်းမှာပဲ ခေါ်သံတစုံတရာကို ကြားရပြန်သည်။ ဟင့်အင်း..။ သေချာနားစိုက်ထောင်လိုက်သောအခါ ခေါ်သံမဟုတ်ပဲ နှုတ်ဆက်သည့် လေသံကလေးကို ရိပ်စားမိသွား၏။
အဲဒီ ညနေကလေး..။
မိမိ၏ Timeline ကို မိမိကိုယ်တိုင် Rape လုပ်မိသည်မှာ ဘယ်နှကြိမ်မြောက်ရှိနေပြီမှန်း မသိနိုင်တော့။ စိတ်၏ တင်းအားကို အတတ်နိုင်ဆုံး လျှော့ချပစ်လိုက်မိ၏။ သက်ပြင်းတို့ ရင်ဝမှာပင် တစ် စိုက်နေလေသည်။

၇။
အခန်းထဲရှိ သံကုတင်တလုံးပေါ်သို့ မှုန်ဖွဲ့ပြာလွင်သော အလင်းတို့ ပျင်းရိလေးပင်စွာ ကျနေ၏။ အဖြေလွှာကို အပ်မိပြီးမှ မှားယွင်းစွာ ဖြေခဲ့မိသည့် အပုဒ်ရေများကို ပြန်လည်ပူဆွေးနေသော စာဖြေသူ၏ မချိတင်ကဲ အပြုံးမျိုး သူ့မျက်နှာပေါ်၌ ထင်ဟပ်နေသည်။
နောက်ဆုံးအနေနှင့် အသက်ကို တဝကြီးရှိုက်သွင်းလိုက်၏။
ဘဝထဲမှ နှုတ်ယူသွားသည်မှာ ဘဝတခုလုံးပင်ဖြစ်နေသော်လည်း အဲဒီညနေကလေးဆီသို့ပင် သူ ထပ်သွားချင်ပါသေးသည်။

နွေရိပ်
ဖေဖော်ဝါရီ၊ ၂၀၁၉။

No comments:

Post a Comment

Note: Only a member of this blog may post a comment.