Wednesday, September 4, 2019

Minimalism

အောင်မြင်တာ ကျရှုံးတာကို ငွေကြေးနဲ့ တိုင်းတာကြတဲ့ ခေတ်ထဲမှာ ရပ်ကွက်ထဲ ပူဖောင်းတွေ လိုက်ရောင်းနေတဲ့ လူကြီးကို လောလောဆယ် အားကျမိနေတယ်။ ပူဖောင်းတွေ ရောင်းပြီးလို့ ညနေအိမ်ပြန်ချိန်ဆို ငရုတ်သီးမှုန့်ကလေး ငါးဆယ်ဖိုးလောက်၊ ဆီကလေး တရာဖိုးလောက်ဆိုပြီး ကြက်သွန်ဖြစ်ဖြစ် သုပ်စားဖို့ ဈေးမှာ ဝင်ဝယ်တတ်တယ်။ ရောင်းတဲ့သူက ဘယ်လိုထည့်ပေးရမှန်းမသိလို့ နှရာဖိုးလောက် ယူမလားမေးတော့ 'အရက်သောက်ဖို့ ချန်ထားပါရစေ' လို့ ဖြေသေးတာ။ တနေကုန် နေပူထဲ ပါးဖောင်း ခြေတိုအောင် ပင်ပန်းခဲ့ပြီးမှ စိတ်အပန်းဖြေစရာ ဒီလောက်တော့ သူ့အဖို့ထိုက်တန်တာပါပဲ။ ပူပင်စရာ မိသားစုမရှိရင် ကိုယ့်ဘဝကိုယ် တနေ့ချင်း အဲ့လိုဖြတ်သန်းနေတာ အတော်သဘောကျဖို့ကောင်းတဲ့အချက်ပဲ။ ဝမ်းစာအတွက် ခြေတိုအောင် လျှောက်တယ်။ စိတ်အစာအတွက်တော့ အရက်ကို မူးအောင်သောက်ချင်သောက်မှာပေါ့။ လျှပ်စစ်မီးမရှိလည်း ကျောတခင်းစာမှာ ကြယ်ရောင်လောက်တော့ ရှိနေဦးမှာပေါ့။ တခါတခါ အဝေးကို ငေးမိတဲ့အခါ သူ့စိတ်အာရုံထဲ တယောက်ယောက်ပေါ်လာရင် ဝမ်းသာဝမ်းနည်း ဖြစ်ချင် ဖြစ်မိနေဦးမှာ။ တခြားသူတွေ ဘယ်လိုထင်ထင် ကိုယ်ကတော့ ရိုးရှင်းလိုက်တာလို့ တွေးနေမိတာပါပဲ။ ဘဝမှာ Minimalist ဆန်ဆန်လည်း ရှင်သန်ချင်နေမိတာပေါ့။ အထုပ်အပိုး အနှောင်အတွယ်တွေ လျှော့ချပြီး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.