နာစရီဒင်ဆိုတာရှိတယ်။ တရက်မှာ နာစရီဒင် ရွာတရွာကို အလည်ရောက်သွားတယ်။
မိုးခေါင်နေတဲ့ရွာကလေး။ ရွာသူရွာသားတွေက သူ့ဆီက အကြံဉာဏ်ရလိုရငြား
ကျနော်တို့ကျမတို့ရွာမှာ မိုးခေါင်နေတာ တော်တော်ကြာနေပြီ
စိုက်ထားတဲ့အပင်တွေလည်း ရှင်မှာမဟုတ်တော့ဘူး ကူညီပါဦးဆိုပြီး
အကူအညီတောင်းတာပေါ့။ သူတို့စကားတောင်မဆုံးသေးဘူး နာစရီဒင်
လက်ကာပြပြီးပြုံးတယ်။ ဟုတ်ပြီ ကူညီမယ် ဆိုပြီး ရေတပုံးလောက်တော့
သူ့ဆီယူခဲ့ပေးပါ လို့ ပြောတယ်။
မိုးခေါင်နေတဲ့ရွာကလေးဆိုတော့ ရေလည်း
ပေါပေါများများ ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ နာစရီဒင်က ကူညီမယ့်သူမဟုတ်လား။
သူတောင်းတာကို ဖြည့်ဆည်းပေးရမှာပဲလေဆိုပြီး တအိမ်က ရေတခွက်စီလောက်
မျှခံကြတယ်။ ရေပုံးကလေး ပြည့်လုပြည့်ခင်လည်း ရောက်ရော နာစရီဒင်က
နောက်တကြိမ် လက်ကာပြတယ်။ ပြီး ဘာမှမပြောမဆိုပဲ သူဝတ်ထားတဲ့ အင်္ကျ
ီကိုချွတ်ပြီး ရေပုံးထဲထည့်နှစ် စိမ်ပြေနပြေလျှော်နေလိုက်တယ်။
ရွာသူရွာသားတွေလည်း အံ့အားသင့်တဲ့သူတွေသင့်၊ ဒေါသထွက်တဲ့
သူတွေထွက်ဖြစ်ကုန်ကြတာပေါ့။ သူတို့ မိသားစုတွေ သောက်ဖို့ သုံးဖို့
ကိုယ်လက်သန့်စင်ဖို့ ခြိုးခြိုးခြံခြံစုထားရရှာတဲ့ ရေကလေးတွေကိုး။ ခင်ဗျား
မိုက်ရိုင်းလှချည်လား၊ အဲ့ဒါဘာလုပ်တာလဲဆိုပြီး ရွာသူရွာသားတွေအကုန်
လှုပ်လှုပ်ရွရွဆူဆူညံညံဖြစ်သွားကြပေမဲ့ နာစရီဒင်ကတော့ အေးဆေးပဲ။
နောက်ထပ်တကြိမ် လက်ကာပြပြန်တယ်။ နောက်ပြီး ပြုံးတယ်။ အနားမှာ ရှိတဲ့
အဝတ်ကြိုးတန်းကလေးပေါ် သူ့အင်္ကျီကလေး သွားလှမ်းတယ်။ အေးဆေးပဲ။
အံ့သြစရာ တကယ်ကောင်းတယ် သိလား။ သူ့အင်္ကျီကလေး အဝတ်တန်းပေါ်
လွှားလိုက်ရုံရှိသေး။ မိုးသားတွေ အုံ့နေအောင် မည်းလာတယ်။ သိပ်မကြာပါဘူး
တဖျောက်ဖျောက်နဲ့ တစက်ချင်း တစက်ချင်းကနေ သည်းသည်းမည်းမည်းကို
ရွာချတော့တာပဲ။ အံ့သြပျော်ရွှင်နေကြတဲ့ ပရိသတ်အလယ်မှာတော့ နာစရီဒင်ဟာ
ပြုံးပြုံးကြီးနဲ့ ခန့်ခန့်ကြီးပေါ့။ မိုးသံလေသံတွေ သူ့ကို ပေးတဲ့
သြဘာလက်ခုပ်သံတွေကြားမှာ အပေါ်ပိုင်းဗလာကျင်းနေတဲ့ နာစရီဒင် စကားကို
ခပ်တိုတိုပဲပြောတယ်။
ကျုပ်မှာ အင်္ကျီဆိုလို့ ဒီတထည်တည်းရှိတာ တဲ့။
အဲ့အင်္ကျီကို သေသေချာချာလျှော်ဖွပ်ပြီး လှန်းလိုက်တာနဲ့ မိုးက
အမြဲကိုရွာချတော့တာပဲတဲ့။ သူ့လေသံကတော့ မချိတင်ကဲလေသံပေါက်ရင်
ပေါက်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီတခါ အင်္ကျီလှန်းလို့ မိုးရွာချတာကိုတော့
သူပျော်နေပါလိမ့်မယ်။
ဖတ်ဖူးတဲ့
ဟာသပုံပြင်အတိုကလေးကိုနည်းနည်းချဲ့ရေးထားတာပါပဲ။ ဖတ်စတုန်းကတော့
နည်းနည်းပြုံးမိပေမဲ့ နောက်မှ လျှောက်တွေးပြီး ပြန်ငြိမ်ကျသွားမိတယ်။
ခုပုံပြင်မှာ ကိုယ်ကံဆိုးတာကို အမြဲယုံကြည်နေတဲ့ သူတယောက်ရှိတယ်။ ဒါပေမဲ့
ကံဆိုးတာကို ထိုင်မညည်းပဲ ပေါ့ပေါ့ပါးပါးလက်ခံထားတယ်။ အခွင့်ကြုံလာတဲ့အခါ
သူ့ကံဆိုးမှုကို အကြောင်းပြု ပြီး တခြားသူတွေအတွက် ဖြည့်ဆည်းပေးတယ်။
ဘာရယ်မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးဖတ်စေချင်လို့ ပြောပြတဲ့ပုံပြင်ကလေးပါပဲ။
ဒါပေမဲ့ နာစရီဒင်လိုလေ ကိုယ်လည်း ဘဝမှာ ကိုယ့်ကံဆိုးမှုကိုအသုံးချပြီး
သူတပါးအေးချမ်းဖို့ တခါလောက်ပဲဖြစ်ဖြစ် မိုးလိုရွာချပေးချင်မိတာပါပဲ။
အဲဒါလေးပဲ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.