Wednesday, September 4, 2019

The person who teaches us about life - 1

ကာဠဒေဝီလရသေ့ဆိုတာရှိတယ်။ သိဒ္ဓတ္ထဆိုတဲ့ ဘုရားလောင်းလေး မွေးတော့ နန်းတော်ထဲလာပြီး ငိုလိုက်ရယ်လိုက်လုပ်တဲ့ ရသေ့ကြီး။ ရယ်တာက လောကမှာ ဘုရားပွင့်တော့မှာသိလို့ အားရလွန်းပြီးရယ်တာ။ ငိုတာက သူက အရူပဘုံရောက်မှာမို့ မဖူးရလို့ငိုတာ။ ဈာန်တွေအဘိညာဉ်တွေရနေတဲ့ ရသေ့လည်း မပယ်သတ်နိုင်တာသေးတာတွေအများကြီးမဟုတ်လား။ ငါ့ဆွေငါ့မျိုးဆိုတဲ့အစွဲကလေးနဲ့ သူမဖူးနိုင်လည်း သူ့ဆွေမျိုးထဲက ဘယ်သူဖူးနိုင်မလဲဆိုပြီး သူခြိုးခြံစုဆောင်းပြီး ဝယ်ထားတဲ့ ရှောင်းမီဖုန်းကလေးကိုထုတ်ပြီး ဖရီးရထားတဲ့အင်တာနက်ပက်ကေ့ခ်ျကလေးနဲ့ Google ခေါက်ကြည့်တယ်။ ကြားထဲက Black Box ဖြစ်စဉ်တွေတော့ ပြောမနေတော့ပါဘူး။ ပေါ်ကာစ ဆင်းကတ်ကလေးမို့ထင်ပါရဲ့ မားကတ်တင်းသဘောအရ လိုင်းက မြန်နှုန်းမြင့်နေတာမို့ Result ချက်ချင်းကျလာတယ်။ ယူအာနက်ဖျူး နာလယ ဆိုတော့ ရသေ့ကြီး ပျော်သွားတယ်။ ချက်ချင်းသူ့နှမကလေးဆီ သွားတယ်။ တူကြီး နာလယ ဒီလိုဒီလိုရှိတယ် ဘာညာပေါ့လေ။ အဲဒီမှာ နာလယလုလင်လည်း ချက်ချင်းပဲ ဆံမုတ်ဆိတ်တွေပယ်ပြီး တောရိပ်ခိုတော့တယ်။

ပြောချင်တာက ခုမှစတာပါ။ ဘဝလို့ဆိုလိုက်တာနဲ့ ကိုယ်ယုံကြည်ရာ အဆုံးထိ လုပ်သွားတဲ့သူတွေကိုအရင်ဆုံးပြေးမြင်မိတာပဲ။ ဘဝမှာဘယ်လိုနေမလဲဆိုရင် အရင်ဆုံး သတိရမိတာက နာလယမထေရ်ပဲ။ သိဒ္ဓတ္ထလေး မွေးလာကတည်းက တောရိပ်ခိုပြီး ဘုရားဖြစ်လာမှာကို မမှိတ်မသုန်စောင့်ဆိုင်းတယ်။ လောကမှာ ဘုရားပွင့်ပြီဆိုတဲ့ အသံတွေထွက်လာတဲ့အခါ ဗုဒ္ဓဆီရောက်အောင်သွားတယ်။ မောနေယျအကျင့်ကမ္မဌာန်းရတဲ့အခါ ဗုဒ္ဓကိုပါ စွန့်ခွာခဲ့တယ်။ တောအုပ်တခုမှာ တရက်ပဲသီတင်းသုံးတယ်။ ရွာတရွာမှာ တခါပဲ ဆွမ်းခံတယ်။ ကျန်တဲ့သူ့ဘဝသက်တမ်းတလျှောက်လုံး မောနေယျအကျင့်ကို အမြတ်ဆုံးကျင့်သွားခဲ့တဲ့ပုဂ္ဂိုလ်။ ဘာကိုမှ လှည့်မကြည့်ပဲ အရာရာကိုကျောခိုင်းပြီး သူ့သိမှုကို သူသယ်ဆောင်ပြီး အဆုံးထိသွားခဲ့တာ။ သိပ်ရိုးရှင်းတာပဲ။

ဘဝမှာ ဘယ်လိုနေမလဲမေးလာခဲ့ရင် အဲဒီနာလယမထေရ်ကို အရင်ဆုံးပြေးမြင်မိတာပဲ။ ကိုယ်ကတော့ လောကီဖက်ကို ယူသုံးမိတာပေါ့လေ။ ကိုယ့်ကိုယ်ကိုယ် ဘာကိုယုံကြည်သလဲလို့ ပြန်မေးကြည့်တဲ့အခါ ရုပ်ဝတ္ထုပစ္စည်းတွေထက် ချစ်ခြင်းမေတ္တာလို့ ချက်ချင်းအဖြေထွက်တာပဲ။ ချစ်ခြင်းမေတ္တာဆိုတဲ့နေရာမှာ ဉာဏ်နဲ့ယှဉ်တဲ့ ချစ်မေတ္တာပေါ့လေ။ သိပ်ကျယ်ပြန့်တာပဲ။ ဉာဏ်နဲ့ယှဉ်တဲ့အခါ ပိယေဟိ၊ အပိယေဟိတွေရဲ့ နှိပ်စက်မှုကလည်း လွတ်မြောက်နိုင်တာပေါ့။

တနေ့ကျလို့ ကိုယ့်အနားမှာ ကိုယ့်ကိုချစ်ခင်တဲ့သူတွေ၊ ကိုယ်ကချစ်ခင်ရတဲ့သူတွေ တယောက်တလေတောင် ရှိမနေလည်း ဘာအရေးလဲ။ ချစ်ခြင်းမေတ္တာဆီရောက်အောင်သွားမယ်။ ဆိုက်ရောက်တဲ့အခါ အဲ့တရားဆီကပါ စွန့်ခွာမယ်။ ပျံစရာမလိုတော့တဲ့ တိမ်တွေလိုပေါ့လေ။ စိတ်ထားနိုင်လာတဲ့အခါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.