Saturday, April 25, 2015

ထော့ကျိုးရဲဘော်

အဝေးကြီးတည်းက
လှမ်းမြင်နေရပြီး 
အနားကို တော်တော်နဲ့ ရောက်မလာဘူး
လက်ထဲ တစ်ထပ်ကြီးပဲ
စာအုပ်တွေနဲ့
ခန္ဓာကိုယ်တစ်ခုလုံးကို
တစ်ဖက်တည်း
(အကောင်းရှိတော့တဲ့)
ခြေထောက်နဲ့
အနိုင်နိုင်သယ်လာရ

တရွေ့ရွေ့
နီးလာတဲ့အခါ ပြုံးပြစကားဆို၊
ဒီကညီအစ်ကို
မိုးထိအောင် လှေကားထောင်မလား

ငါးရာ့ငါးဆယ် နိပါတ်တော်အသွယ်သွယ်ထဲက
ပုံဝတ္ထုလေးတွေလည်းပါတယ်
ဦးပေါ်ဦး၊
စကားတောင်စား၊
ဒါမှမဟုတ်

မောင်ကျပန်း၊
ဗန်းမော်ဆရာတော်လည်း
လန်းတယ်နော် တဲ့။

ပြောတဲ့အထဲက တစ်အုပ်ယူ
အားပေးလိုက်ပေမဲ့
အဲဒီစာအုပ်တွေအစား
သူ့အသံ၊
သူ့ဟန်နဲ့
ထိုင်ခုံပေါ် မှီပြီးထောင်ထားတဲ့
သူ့ချိုင်းထောက်က
အစိမ်းရောင်ယူနီဖောင်းခပ်နွမ်းနွမ်းထဲ နစ်ဝင်သွားတဲ့
ကိုယ့်စိတ်ကို
ခပ်ဖိဖိလာထောက်တယ်
အမိနိုင်ငံတော်အတွက်ဆိုပြီး
ရင်းနှီး၊ခမ်းခြောက်ခဲ့ရတဲ့ အားအင်တွေကပဲ
ဒီလို ချိနဲ့မှုကို ဖြစ်ပေါ်စေသလား
အမိနိုင်ငံတော်အတွက်ဆိုပြီး
ကုန်ဆုံးခဲ့ရတဲ့
ကာလတွေ
သူ့အသက်၊ ကိုယ့်အသက်တွေကပဲ
ဒီလို ရုန်းကန်၊ နွမ်းထေးမှုမျိုး ရရှိစေသလား၊

ဘယ်လို နားလည်မှုမျိုးနဲ့
တွေးဆ ဖြေသိမ့်ကြည့်ရမှာ
ဘယ်လို နာကျင်မှုမျိုးနဲ့
လဲကျ ဆိတ်ငြိမ်လိုက်ရမှာ
ဘယ်လို ခံစားချက်မျိုးနဲ့

ကြေကွဲ ငိုညည်းပစ်ရမှာ
အမိနိုင်ငံတော်အတွက်ဆိုပြီး

ပေးဆပ်ခဲ့ရတဲ့ ခြေတစ်ဖက်က
ဝမ်းတထွာအတွက်တောင် မလောက်ငှစေခဲ့။

အတွေးတွေဟာ မီးပွားတွေပါပဲ
အဲဒီမီးပေါက်ရာတွေ ဗရပွနဲ့
တစ်ကိုယ်တည်း ပြာအူဝေနေတုန်း
သူ

နှုတ်ဆက်စကားဆိုတော့မှ
သတိတရ

လက် ပြန်ပြဖြစ်ရဲ့။

ထော့ကျိုးရဲဘော်လေ
ထော့ကျိုးရဲဘော်ပေါ့
ဆက်တိုက်ကြုံနေရမယ့်
မနက်ဖြန်တွေအတွက်
ချိုင်းထောက်လေးကို အားပြုရင်း
လှမ်းသွားခဲ့

ဟော့ဒီ
ထော့ကျိုးတိုင်းပြည်ကြီးထဲ..။

နွေရိပ်
အောက်တိုဘာ။ နှစ်ထောင့်ဆယ့်လေး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.