Saturday, April 25, 2015

ကမ္ဘာ..ကမ္ဘာအဝေး

ခရုခွံအလွတ်ထဲ
ဝင်ပုန်းနေတဲ့ ကမ်းခြေတစ်ခုခု
ရှာတွေ့လေမလားလို့
နာကျင်ဆောင်းရဲ့ လက်တံတွေ
ကြွေပြီးသား သစ်ရွက်ကလေးကိုမှ
ဇီဝိန်ခြွေရက်ခဲ့။

ပြန်လာပါ လေတိုးသံလေးရဲ့..၊

ညှို့သူ တိမ်စိုင်တို့
လွင့်ပါး ပျက်ပြယ်ကြ
မျှော်သူ ကြယ်စင်တို့
ပြိုကွဲ လွင့်စင်ရ
နားသယ်စပ်နားက ဆံစကလေးကို
မမှတ်မိလောက်တော့တဲ့အထိ
ထုံဝါးနာကျင်ခဲ့ပြီးတာတောင်မှ
အဲဒီခြေသံလေးကို တမှတ်တရ။

ထွက်ခွာသူ လေညှင်းရဲ့..၊

ခေါ်သံတွေ တိုးမပေါက်ခဲ့ဘူး
အငြင်းဆိုခံ မြစ်တွေ
ဘယ်ပင်လယ်ထဲ စီးဝင်ရပ။

ထားရစ်သူ အငွေ့အသက်လေးရဲ့..၊

တစ်ခြမ်းဖြဲဆုတ်ထားတဲ့ စွယ်တော်ရွက်လို
ကယ်ရီယာခုံမပါတဲ့ စက်ဘီးတစ်စီးလို
ဘယ်ရာသီမျိုးမှာမှ မလုံခြုံခဲ့ပါဘူး
ညှပ်ပိတ်သူ စာအုပ်တွေကို မုန်း
ရှည်လျားတဲ့ လမ်းသွယ်တွေကို မုန်း
အဲဒီလိုနဲ့ပဲ
အကြည်ဓာတ်တွေ ပျောက်ဆုံးခဲ့ရ။

ချစ်ခြင်းနဲ့ပတ်သက်လာရင်
လက်ရေးလက်သားညံ့ဖျင်းလွန်းသူပါ
ခရုခွံအလွတ်လေးထဲက
ကမ်းခြေတစ်ခုခုကိုများ ပြန်တွေ့လေမလားလို့
ဒဏ်ရာတွေ မလျှော်ဖွပ်၊ မသိမ်းဆည်းဘဲ
ရှာဖွေခဲ့သူပါ
လွှတ်ခဲ့ဖူးတဲ့ စက္ကူလှေတွေလိုပေါ့
မလွတ်မြောက်တော့မှာ သိရဲ့နဲ့
ခုန်ဆင်းခဲ့ ၀ဲထဲ
အမေ့ခံ စံပယ်တို့
ခုထိ
အုတ်အုတ်သည်းသည်း

မွှေးပျံ့လို့..။

နွေရိပ်

နိုဝင်ဘာ၊ နှစ်ထောင့်ဆယ်လေး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.