Sunday, October 25, 2015

991 ES PLUS

ဂဏန်းတွက်စက်ကလေးတစ်လုံး ပိုင်ဆိုင်ဖူးကြပါသလား။ ဟိုတုန်းကတော့ ကျွန်တော့်မှာ ဂဏန်းတွက်စက်လေးတစ်လုံး ရှိခဲ့ဖူးပါသည်။ တိတိကျကျဆိုရလျှင် မွှေးရီထုံသင်းသော နေ့ရက်များကို ပွေ့ပိုက်သိမ်းဆည်းထားသည့် ဂဏန်းတွက်စက်တစ်လုံး ကျွန်တော့်မှာ ရှိခဲ့ဖူးပါသည်။ ဓာတ်ခဲရော၊ ဆိုလာစနစ်နှင့်ပါ အသုံးပြု၍ရသည့် ထို Scientific Calculator ကလေး၏ မော်ဒယ်နံပါတ်မှာ 991 ES PLUS ဖြစ်လေသည်။
 

လော့ဂရမ်သမ်ကြီး ကျကွဲသွားလို့ ဟု ဆိုကာ အိမ်သို့ ပိုက်ဆံလှမ်းတောင်းသည့် ကျောင်းသားအကြောင်း စာသင်ခန်းဟာသတစ်ခုအဖြစ် ကြားဖူးကြမည်ထင်ပါသည်။ 991 ES PLUS ကလေး မရှိခင်က ကျွန်တော့်မှာ ရှိသည့် Calculator က 991 MS..။ ES ထက် မော်ဒယ်နိမ့်သော ဂဏန်းတွက်စက်ကလေးပေါ့။ အဲဒီတုန်းကတော့ "အိုင်ကျူမြင့်တဲ့သူတွေက မော်ဒယ်နိမ့်တာပဲ ကိုင်တယ်" ဟု ES မော်ဒယ် ဂဏန်းတွက်စက်ကိုယ်စီရှိကြသော  သူငယ်ချင်းများကို နောက်နောက်ပြောင်ပြောင် ပြောခဲ့ဖူးသည်။ နောက်တော့ ES ထက် မော်ဒယ်မြင့်သည့် ES PLUS ဆိုသော ဂဏန်းတွက်စက်ကလေးပေါ်လာသည့်အချိန်မှာပဲ လော့ဂရမ်သမ်ကြီး ကျကွဲသည်မဟုတ်ဘဲ လိုင်းကားတွယ်စီးရင်း အရှိန်ဖြင့် မောင်းနေသည့် ကားပေါ်မှ ကျွန်တော့် MS ကလေး လွယ်အိတ်ထဲကနေ ပြုတ်ကျ၍ တစစီ ပျက်စီးခဲ့တော့ အမေ့ဆီက ပိုက်ဆံတောင်းပြီး နောက်ဆုံးပေါ်လာသည့် ES PLUS မော်ဒယ် ဂဏန်းတွက်စက်ကလေး ၀ယ်ကိုင်လိုက်ရလေသည်။ ES PLUS ၀ယ်ကိုင်ပြီးနောက်ပိုင်း ကျွန်တော့်လေသံက တစ်မျိုးပြောင်းတော့သည်။ ကျွန်တော့် Calculator လေးထက် မော်ဒယ်နိမ့်သည့် MS နှင့် ES မော်ဒယ် ဂဏန်းတွက်စက်ကိုင်ကြသော သူငယ်ချင်းများကို "မင်းတို့ဟာတွေက ဒိတ်အောက်နေပါပြီကွာ" ဟု ခပ်နှိမ်နှိမ် နောက်ပြောင်ခဲ့သည်။ အရင် ကျွန်တော်ပြောခဲ့ဖူးသည့် စကားကို သုံးပြီး သူငယ်ချင်းတွေက  "ဟေ့.. အိုင်ကျူမြင့်တဲ့သူတွေက မော်ဒယ်နိမ့်တာပဲ ကိုင်တယ်" ဟု ဆိုတော့ ကျွန်တော်က ခပ်တင်းတင်းပါပဲ..။ "အိုင်ကျူမြင့်တာ နိမ့်တာတွေ နားမလည်ဘူး.. မင်းတို့ Calculator တွေထက် ငါ့ဟာက တွက်တာပိုမြန်တယ် ဘာမှတ်လဲ..အချိန်ကုန်သက်သာ နည်းလားကွ.." ဟု အလျှော့မပေးဘဲ ပြန်ပြောခဲ့သည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ မဆိုစလောက်ကလေးပေမဲ့ တခြား ဂဏန်းတွက်စက်တွေနှင့် ယှဉ်လျှင် ES PLUS Calculator က တွက်ရတာ ပိုမြန်သည်။ ကိန်းတန်းခပ်ရှည်ရှည် ရှုပ်ရှုပ်ထွေးထွေး အစားထိုးကိန်းတွေ တွက်ကြည့်လျှင် သိသာလေသည်။

ထိုဂဏန်းတွက်စက်ကလေးကို ကျွန်တော် အတော်ပင် အမြတ်တနိုးရှိခဲ့ဖူးသည်။ ၀ယ်လာစက အသစ်စက်စက်ကလည်း အသစ်စက်စက်မို့ တယုတယ ညင်ညင်သာသာ ကိုင်တွယ်ခဲ့သည်။ ကိန်းဂဏန်းများ ဖြေရှင်းတွက်ချက်ရသည့်အခါများတွင်ပင် ခလုတ်ကလေးများကို ဖွဖွကလေး နှိပ်၍ တွက်သည်။ သူငယ်ချင်းများ Calculator မေ့ကျန်ခဲ့သော ရက်များ၌ ကျွန်တော့်ဆီက Calculator ကလေး လာငှားလျှင်တောင် မငှားဘဲ ကိန်းဂဏန်းများကို ကျွန်တော်ကိုယ်တိုင် တွက်ပေးလိုက်သည်အထိ ထိုဂဏန်းတွက်စက်ကလေးကို မည်သူမျှ အထိမခံလောက်အောင် အူတိုခဲ့ဖူးပါသည်။ တကယ်လည်း ထိုဂဏန်းတွက်စက်ကလေးသည် ကျွန်တော့် ကျောင်းသားဘ၀၏ တစ်စိတ်တစ်ပိုင်း၊ ထို့ထက် ညွှန်းရလျှင်တော့ ထိုဂဏန်းတွက်စက်ကလေးသည် ကျွန်တော်ဖြတ်သန်းခဲ့ရသော ကျောင်းသားဘ၀ပင် ဖြစ်လေသည်။

ထိုသို့ဆိုခြင်းမှာလည်း ပိုလွန်းသည်မဟုတ်ပါ။ ကျောင်းတက်စဉ်ကာလတစ်လျှောက်လုံး ကျွန်တော်နှင့် အနီးကပ်ဆုံး တပူးတွဲတွဲရှိနေသည်မှာ ချစ်သူ၏ နွေးထွေးသော လက်အစုံလည်းမဟုတ်၊ အေးမြသော အပြုံးတို့လည်းမဟုတ်။ ကျောင်းသားဘ၀အသုံးအဆောင်ပစ္စည်းများထဲ၌ ကျွန်တော်နှင့် အထိတွေ့ရဆုံးသော ပစ္စည်းမှာ ကျွန်တော်သွားသည့်နေရာတိုင်းလိုလို အမြဲတမ်းပါလာတတ်သော ထိုဂဏန်းတွက်စက်ကလေးပင်ဖြစ်သည်။ ချည်လွယ်အိတ်နှင့် ကျောင်းသွားသည့်ရက်များတွင် လွယ်အိတ်ကလေးထဲ၌ ထို Calculator လေး ပါသည်။ ကျောပိုးအိတ်နှင့် သွားပြန်တော့လည်း အငြိမ့်သားပါလာပြန်သည်။ အတန်းကို တစ်နေကုန် အချိန်ပြည့် တက်ချင်စိတ်မရှိသည့်နေ့များ၌ တစ်အုပ်စ နှစ်အုပ်စ ကိုင်လာသောစာအုပ်များနှင့်အတူ ဒင်းကလေး က ပါမြဲ..။

ကန်တင်း၌ သောက်ခဲ့ဖူးသော လက်ဖက်ရည်တို့ ဘယ်နှစ်ခွက်ရှိကြောင်း ထို Calculator လေး ရေတွက်ဖူးလိမ့်မည်။ ငေးရီခဲ့ဖူးသော တိမ်စိုင်တို့ ဘာအရောင်ဝတ်ဆင်ခဲ့သလဲ ထို Calculator လေး မော့ကြည့်ခဲ့ဖူးမည်။ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင် လုပ်ခဲ့ဖူးသော မင်းဝံဆောင်၌ လှေကားဘယ်နှစ်ထစ်ရှိသည့်အကြောင်း၊ ထိုလှေကားထစ်များပေါ်မှ တစ်လှမ်းချင်းဆင်းခဲ့၊ တက်ခဲ့ဖူးသည့် တစ်စုံတစ်ယောက်၏ နုထွေးသော ခြေဖ၀ါးအစုံကို ကျောပိုးထားသည့် ကတ္တီပါဖိနပ်ကလေး၌ ကပ်ငြိတွယ်ခဲ့ဖူးသော သဲမှုန်တို့ ဘယ်နှစ်ပွင့်ရှိသည့်အကြောင်း၊ ပြတ်တောက်ခဲ့ဖူးသော ဂစ်တာကြိုးတို့အကြောင်း၊ ဂုတ်ဝဲမလေး၏ မွှေးညှင်းစိမ်းနုတို့အကြောင်း၊ ဘယ်တော့မှ မကုန်ဆုံးနိုင်ဟု အထင်ရောက်ခဲ့ဖူးသော ရယ်သံချိုချိုများဖြင့် ထုံမွှမ်းထားသည့် နေ့ရက်တို့အကြောင်း ထို Calculator လေး သိရှိ မှတ်မိနေပေလိမ့်မည်။


အတိတ်ဆိုတာ ရင်ထဲက ပစ္စုပ္ပာန် ဟု ကဗျာတစ်ပုဒ်၌ ကျွန်တော်ရေးခဲ့ဖူးပါသည်။

တကယ်တော့ မနေ့တစ်နေ့ကလိုလို ထင်ရသော ထိုဖြစ်ရပ်များသည် ငါးနှစ်နီးပါးမျှ ကြာခဲ့လေပြီ။ အခုတော့ ဂဏန်းတွက်စက်ကလေးလည်း ကျွန်တော့်မှာ မရှိတော့..။ သင်္ခါရသဘောကို မလွန်ဆန်နိုင်ရခြင်းနှင့်အတူ ထိုဂဏန်းတွက်စက်ကလေးနှင့် ကျွန်တော် ဝေးခဲ့ရသည်။ ကျွန်တော်လည်း ကိန်းဂဏန်းတို့ကို Scientific Calculator တစ်လုံးဖြင့် အရင်ကလို မြန်ဆန်သွက်လက်စွာ မဖြေရှင်းနိုင်တော့..။

အကယ်၍သာ ကျွန်တော်နှင့်အတူ ဂဏန်းတွက်စက်ကလေး ရှိနေခဲ့ပါလျှင် ရင်ထဲက ထိုအတိတ်တို့အား ပြန်လည်တူးဆွဖော်ထုတ်ရန် ကိန်းတန်းကလေးတစ်ခုပေး၍ ဖြေရှင်းခိုင်းချင်ပါသေးသည်။


X = a + b ဆိုသော ကိန်းတန်းကလေးတွင် a နှင့် b သည် ကျွန်တော်နှင့် ဂဏန်းတွက်စက်ကလေးဖြစ်၍ X ဟူသည့် အတိတ်၏ ရလာဒ်သည် မည်သည့်အရာဖြစ်လိမ့်မည်နည်း။ တွေးဆငေးမောနေစရာမလိုပါ..။ ရယ်သံတို့ စွက်သော ကျောင်းသားဘ၀နေ့ရက်များ ဟု ဂဏန်းတွက်စက်ကလေးက ချက်ချင်းပင် ဖြေပေးပေလိမ့်မည်။


***

တစ်စုံတစ်ခုရိုက်ထည့်လိုက်၍ ရလာဒ်တစ်စုံတစ်ရာတို့ ထွက်မလာခင် ကြား၌ အလုပ်လုပ်သောဖြစ်စဉ်ကို ဘယ်သို့ခေါ်ကြောင်း သိသူများ ပြောပြကြပါ..။ တိကျသေချာစွာသောအဖြေတို့ ထွက်မလာခင်စပ်ကြား ကျွန်တော့်၏ Calculator ကလေး ဘာတွေကို လွမ်းဆွတ်တမ်းတနေလေမလဲ။ ဘာတွေကို တွေးတောငေးမောနေလေမလဲ။ သူ့ရင်ထဲ ဘာတွေများ ရှိနေလေမလဲ..။


တကယ်ကို သိချင်စမ်းပါသည်..။


နွေရိပ်
နှစ်ဆယ့်တစ်၊ ဇန်န၀ါရီ၊ နှစ်ထောင့်ဆယ့်ငါး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.