Sunday, October 25, 2015

နင့်ကို ငါ ချစ်နေတုန်းပဲ နောက်မှာ မမ နာမည်လေးထည့်ရွတ်တယ် အနုလုံ ပဋိလုံ..

(M)

ကျောင်းကားနံပါတ်ကလေး မေ့သွားတာကြာပါပြီ။ ခင်ဝမ်း သီချင်းကို ဖွဖွ ရွတ်မြဲ။ ဆောင်းနေကျ ဦးထုပ်အမည်းကလေး တောင်းယူ ဆောင်းချင်တယ် အသံကလေး လေထဲ ချုပ်ပျောက်ပျက်ပြယ်သွားတာ ကြာလှပြီ။ ခင်ဝမ်းသီချင်းဟာ လွင့်ပျံမြဲ။ ကျောင်းလခ သွင်းပြီးကြောင်း ချလံကလေး ပြန်မပေးဖြစ်တော့ဘူး။ နှစ်ကာလတွေဟာ ရေစိုပေါက်ပြဲ လွယ်တယ်လို့ ကျွန်တော်ပြောရင် မမ ယုံပါ။ ကျွန်တော့်ထက် ဟော့ဒီ နှလုံးသားကို ပိုယုံပါ။ အောက်ကို တစ်ထစ် နှိမ့်ဆင်းပေးလိုက်တဲ့ လှေကားထစ်ကလေးတွေမှာလည်း သမိုင်းကြောင်းဆိုတာ ရှိရဲ့။

(M)

စကားလုံးတွေဟာ ခံစားချက်ကို ကိုယ်စားမပြုတဲ့ အခိုက်အတန့်ကလေးတွေ။ မမ စားခိုင်းတဲ့ငရုတ်သီးဟာ စိတ်ကူးထဲမှာတင် မစပ်တော့ဘူး။ ကျွန်တော်နဲ့ စက္ကန့်ဘယ်လောက် ခြားတဲ့နေရာတစ်ခုမှာ မမ နေထိုင်ပါသလဲ။ သိရဲ့နဲ့ မေးတဲ့ စကားနဲ့ အဝါကဒ်ထိသွားနိုင်တဲ့ မမ အပြုံးကလေးတွေကို လာလာ ခိုးကြည့်မိတယ်။ သွားရှိတုန်း ပြုံးပါ ဆိုတဲ့ မမ စကားကလေးမှာ သွားမရှိတော့မယ့် အချိန်ရဲ့ မမ အပြုံးကို မြင်ယောင်ကြည့်ပြီး တစ်ယောက်တည်း ကြိတ်ပြုံးမိတယ်။ မမ ကို ပို ချစ်လာတယ် သိလား..။

(K)

ကျွန်တော်တို့ မြို့ကလေးနဲ့ မိုင်ပေါင်းသုံးဆယ်သာသာ ဝေးတဲ့ မမတို့ အိမ်ရှေ့ အုတ်ခုံကလေးမှာ သီချင်းအော်ဆိုခဲ့ဖူးတာဟာ ငှက်ကလေးတွေရဲ့ အိပ်ရာဝင် ပုံပြင်တစ်ပုဒ် အဖြစ် မမ ရှိရာ ပျံ့လွင့်လာခဲ့ရင် ပြတင်းတံခါးကို ပိတ်ပစ်ဦးမှာပဲလား။ စနေ တနင်္ဂနွေတွေ ကို မုန်းခဲ့ရတာ အဲဒီကတည်းကပါပဲ။

(Y)

People you may know မှာ ဘယ်တော့မှ ပေါ်မလာပါစေနဲ့ ဆုတောင်းပြီး မမ နာမည်ကလေး Search engine တစ်ခုခုနဲ့ အမြဲလိုလို ရှာဖွေမိခဲ့။ အတိတ်က ဆေးသားတွေဟာ မီဒီယမ်တစ်ခုခုအပေါ်မှာ အရင်ကထက် ပိုနုပျိုလာသယောင်။

(O)

ကျောင်းကြီးဟာ အရင်ကနဲ့ မတူတော့ဘူး။ မမဟာ အရင်ကနဲ့ မတူတော့ဘူး။ ဒါမှမဟုတ် ကျောင်းကြီးဟာ အရင်ကနဲ့ ပိုတူလာတယ်။ မမဟာ အရင်ကနဲ့ ပိုတူလာတယ်။ ခင်ဝမ်းသီချင်းဟာ ဓာတ်ပြားစက်ပေါ်လည်နေဆဲ။

(O)

မြားမှန်သူဟာ အဲဒီမြားကလေးကို အမှတ်တရသိမ်းထားဆဲဖြစ်ကြောင်း ဆွဲနှုတ်ထုတ်ယူပြီးမှ သက်သေပြရမယ်ဆို ဒီအတိုင်းရှိပါစေ။ ပန်းပွင့်ပုံ ခေါက်လိပ် ချိုးထားတဲ့ အအေးပိုက်ဟာ အဝါရောင်ကလေးလို့ မှတ်မိနေတာဟာလည်း ဝဋ်ပဲ။ တစ်ကိုယ်တည်း အဖန်တလဲလဲ သေရတယ်။

(A)

ငလျင်ဒဏ်ခံနိုင်တဲ့အဆောက်အဦတွေ မမ မျက်စောင်းတစ်ချက်အဝံ့မှာ ပြိုလဲကုန်ကြတယ် လို့ အိပ်မက် မက်တယ်။ ကျွန်တော့် နှလုံးသားရဲ့ ခံနိုင်ရည်အား တွက်ပေးပါ။ ဟင့်အင်း.. အိပ်မက်ထဲ မမ မပါဘူး။ မျက်စောင်းကလေးပဲ ပါခဲ့တာ။

(N)

အတိတ်ဆိုတာ ငယ်ငယ်က ဝယ်ဆော့ခဲ့ဖူးတဲ့ အရုပ်ကင်မရာကလေးရယ်ပါ။ ကလစ်နှိပ်လို့ ဆုံးသွားတယ်မရှိ ဒီပုံရိပ်တွေပဲ ထပ်တလဲလဲ ပြန်လာမှာ..။

(_)

အရိပ်ကလေးကိုတောင်မှ ထီးမိုးပေးချင်မိသူ။ သံသရာအပူတောမှာ ရပ်စောင့်နေဆဲ..။

(T)

မနက်ဖြန်လည်း ပွင့်မလာမယ့်ပန်းကို မနေ့ကတည်းက ကြိုလွမ်းမိသူတွေအတွက် ကျောင်းကန်တင်းတို့ အသက်ရာကျော်ရှည်ပါစေ..။ မကြားနိုင်တော့မယ့် စကားသံတို့ စွဲမြဲစိမ့်ဝင်စေ။

(_)

ရေးပြီးမှ ဖြဲဆုတ်ပစ်လိုက်တဲ့ ဒိုင်ယာရီများ..။ စိတ်ကူးပင်လယ်ကလေးထဲ ပုလင်းခွံတို့ တစ်လုံးပြီး တစ်လုံး..။ လိပ်စာမသိတဲ့ စာလိပ်ကလေးတွေဟာ ငွေ့ရည်ဖွဲ့ တိမ်တွေ..။ တွက်ချက်မှု မှားယွင်းစွာ မရွာတော့မယ့် ရွာရန်ရာနှုန်းများ..။ ဆယ်နှစ်နီးပါး ရှရာကလေး..။ သွားဖြူဖြူကလေးတွေ ပေါ်အောင် မမ ဟာ ပြုံးလို့..။ တကယ်ဆိုရင် ဝတ်မှုန်ကလေးနဲ့ ပေါက်တာလည်း နာခဲ့ရပါတယ်။

(_)

ကျန်းမာရေးဂရုစိုက်ပါထက် ကျန်းမာရေးဂရုစိုက်ပါ..။ ဟင့်အင်း.. မဟုတ်သေးဘူး။ ကျန်းမာရေးဂရုစိုက်ပါထက် ကျန်းမာရေးဂရုစိုက်မှာပါ လို့ တွေးယူရတယ်။ နေပျော်ပါစေ ထက် နေပျော်မှာပါလို့ တွေးယူရတယ်။ လက်ပတ်နာရီကလေးကို ကြည့်မိတဲ့အခါတိုင်း စက္ကန့်တံကလေးတွေ နောက်ကျနေတဲ့ နေရာတစ်ခုခုဆီ သတိရနေမှာပါ လို့ ဖြေသိမ့်ယူလိုက်တယ်။ မမ နာမည်ကလေးတပ်ပြီး အရူးမကလေးလို့ ဆဲရေး အော်ရယ်ပစ်လိုက်တယ်။ ခင်ဝမ်းသီချင်းဟာ နားထဲမှာ..။


နွေရိပ်
၎၊ အောက်တိုဘာ၊ နှစ်ထောင့်ဆယ့်ငါး

No comments:

Post a Comment

Note: Only a member of this blog may post a comment.