ဖုန်အလိမ်းလိမ်းတက်ပြီး
အရာရာပြိုပျက်နေတဲ့ အိမ်ကလေးတစ်လုံးရှိတယ်။ အဲဒီအိမ်ကလေးထဲ အကောင်းအတိုင်းဆိုလို့ မျက်နှာပြင်ပေါ်
ထိုးမြဲလက်မှတ်ကလေးတစ်ခု ဓားနဲ့ထွင်းခံထားရတဲ့ စားပွဲကလေးတစ်လုံးပဲ ကျန်တော့တယ်။ စားပွဲရဲ့အပေါ်မှာတော့
စုတ်ပြတ်ပေါက်ပြဲနေတဲ့ အုပ်ဆောင်းကလေး..။
လွမ်းလွမ်းဆွေးဆွေးရှိလာတဲ့ရက်တွေဆို
အုပ်ဆောင်းကလေးခမျာ ငိုညည်းကလေး ညည်းတတ်လွန်းလို့
သူ
ရေရွတ်နေကျစကားတွေကို စားပွဲကလေးက အလွတ်တောင်ရနေပြီ။ တစ်ချိန်ကရန်သူတော်ဖြစ်ခဲ့ဖူးတဲ့
ကြွက်ကလေးတစ်ကောင်ရဲ့ အကြောင်းကလွဲရင် တခြား ဘာရှိဦးမှာလဲလေ။ ထူးခြားတာတစ်ခုက အုပ်ဆောင်းကလေးဟာ
သူ ဘယ်လောက် လွမ်းလွမ်းဆွေးဆွေး သူတို့ရဲ့သခင်ဖြစ်ခဲ့ဖူးတဲ့ လူအကြောင်းကိုတော့ ခပ်ဟဟတောင်
မပြောဘူးဆိုတာ စားပွဲကလေး ရိပ်မိနေတာကြာပြီ။ အုပ်ဆောင်းကလေး သူတို့သခင်ကို စိတ်နာနေရော့သလား။
စိတ်ထဲမှာ သူတို့သခင် အိမ်ကထွက်သွားတဲ့နေ့ကလေးကို ပြန်မြင်ယောင်လာတယ်။ အဲဒီနေ့က သခင့်ပုံစံကြည့်ရတာ
ရေးကြီးသုတ်ပြာကိစ္စတစ်ခုခုရှိနေဟန်မျိုး။ အိမ်ထဲဝင်လာလိုက်၊ ခြံပြင်ထွက်သွားလိုက်နဲ့
တစ်စုံတစ်ခုကို စိတ်လောနေပုံရတယ်။ အဲဒီလိုမျိုး ခေါက်တုံ့ခေါက်ပြန် သုံးလေးကြိမ်လောက်လုပ်ပြီးတော့
ရေချိုးခန်းထဲဝင်သွားတဲ့အသံကို ကြားရတယ်။ သိပ်မကြာခင်မှာပဲ ကြေးနန်းတစ်စောင်ရောက်လာတယ်။
သခင့်ခမျာ တစ်ဖက်ထဲရိတ်ရသေးတဲ့ နှုတ်ခမ်းမွှေးတန်းလန်းနဲ့ အပြေးအလွှားထွက်လာပြီး ကြေးနန်းစာကို
အပြေးအလွှားဖတ်တယ်။ စာဖတ်နေတဲ့အခိုက် ဖြစ်ပေါ်နေတဲ့ သခင်မျက်နှာပေါ်က အရိပ်အယောင်တွေကို
စားပွဲကလေး ခုထိမှတ်မိနေတုန်းပဲ။ အိမ်ကလေးနဲ့ ခပ်လှမ်းလှမ်းဆီက ခုတ်မောင်းသွားတဲ့ ရထားရဲ့
ဥသြသံသဲ့သဲ့ကိုရောပေါ့။
"သွားရတော့မယ်..၊
ငါ သွားမှ ဖြစ်မယ်"
လှိုက်မောတုန်ယင်နေတဲ့
သခင့်အသံ ခပ်တိုးတိုးကို စားပွဲကလေး ကြားဖြစ်အောင်ကြားခဲ့ရတယ်။ အ၀တ်အစားကို ခပ်သုတ်သုတ်လဲပြီး
သခင်ဟာ သူ့အနားကို ကပ်လာခဲ့တယ်။ ပါလာတဲ့ ပစ္စည်းတစ်ခုကို သူ့အပေါ် အသာကလေးတင်လိုက်တယ်။ပြီး..
ကြမ်းပြင်ပေါ်က အုပ်ဆောင်းကလေးကို မ လို့ အဲဒီပစ္စည်းကလေးကို ဘယ်သူ့မှ မမြင်နိုင်အောင်
ဖုံးကွယ်အုပ်မိုးပစ်လိုက်တယ်။
အဲဒီအရာဟာ
ဘာလဲဆိုတာ အဲဒီတုန်းကတော့ အုပ်ဆောင်းကလေးရော သူပါ ဘယ်သိခဲ့ပါ့မလဲ..။ ကြာခဲ့ပါပြီ..။
သခင်ဟာ
နောက်ကို တစ်စက်ကလေးမှ လှည့်မကြည့်တော့ဘူး။ အိမ်ကလေးထဲက ထွက်၊ ခြံအပြင်ရောက်တော့ ခဏရပ်ပြီး
ဟိုးအဝေးကြီးကို မျှော်ကြည့်နေတာ သခင်ဖွင့်ထားခဲ့တဲ့ ပြတင်းပေါက်ကနေ စားပွဲကလေး လှမ်းမြင်နေရတယ်။
လေတစ်ချက် ဝေ့တိုက်လာတော့ ရိုးပြတ်တွေဆီက အနံ့အသက်နဲ့ ရောနေတဲ့ သခင့်ကိုယ်နံ့ ခပ်သဲ့သဲ့ကလေးရတယ်။
သခင် ပြန်လှည့်လာမလားလို့ စားပွဲကလေး မျှော်ပါသေးတယ်။ ဟင့်အင်း..။ စိတ်ပြတ်လွန်းတဲ့
သခင်ဟာ တကယ်ကို ထွက်ခွာသွားခဲ့ပါတယ်။ ကြောင်မကြီးနဲ့ သူ့ကလေးတို့ဟာလည်း သခင့်နောက်လိုက်သွားကြတယ်။
သူတို့အ၀င်အထွက်လုပ်ဖို့ တံခါးမကြီးမှာ သခင်ဖောက်ထားခဲ့တဲ့ အပေါက်ကြီးတစ်ပေါက်နဲ့ အသေးတစ်ပေါက်ကနေ
ဖြတ်ပြီးပေါ့..။ အဲဒီအချိန်ကတည်းက အိမ်ကြီးတစ်ခုလုံးဟာ ချုံးနွမ်းတိတ်ဆိတ်သွားခဲ့တာ
ကြွက်ကလေးတစ်ကောင် ရောက်မလာခင်အထိပဲ..။
ကြွက်ကလေး
စ စ ရောက်လာတဲ့အချိန်က စားပွဲကလေး အိပ်မောကျနေတာ။ အသံတွေကြားတော့မှ အလန့်တကြားနိုးလာခဲ့တယ်။
စပ်စပ်စုစု ကြွက်ကလေးဟာ အုပ်ဆောင်းကလေးကို သူ့လက်ကလေးတွေနဲ့ တဂျစ်ဂျစ် ကုတ်ခြစ်လို့
မေးမြန်းနေလေရဲ့။ မင်းအထဲမှာ ဘာရှိသလဲဆိုတဲ့ ကြွက်ကလေးရဲ့အမေးကို တကယ်မသိရှာတဲ့ အုပ်ဆောင်းကလေး
ဘယ်ဖြေနိုင်ပါ့မလဲ။ ဘယ်သိပါ့မလဲဟာ လို့ ခပ်ပြုံးပြုံးပဲပြန်ဖြေတယ်။
ကြွက်ကလေးဟာ
မောက်မောက်မာမာလည်း နိုင်ပုံရပါတယ်။ မဖြေရင် ငါ ကိုက်ဖြတ်ပြီး အထဲကို ၀င်မှာနော် လို့
ခြိမ်းခြိမ်းခြောက်ခြောက်ပြောပြီး အုပ်ဆောင်းကလေးရဲ့အပေါ် ကုတ်ကပ်တွယ်တက်လို့ သူ့သွားတွေနဲ့
ကိုက်ဖြတ်ဖို့ ကြိုးစားတယ်။ နာနာကျင်ကျင်မဖြစ်စေချင်တဲ့ အုပ်ဆောင်းကလေးကတော့ သူ့ကိုယ်ကလေးကို
ဖြည်းဖြည်းကလေး လှုပ်ရမ်းပြီး ကြွက်ကလေးကို ခါထုတ်တယ်။ အလျှော့မပေးတဲ့ ကြွက်ကလေးဟာ ပြုတ်ကျလိုက်၊
ပြန်ပြီး ကုတ်တွယ်တက်ရင်း အုပ်ဆောင်းကလေးကို ကိုက်ဖြတ်ဖို့ကြိုးစားလိုက်နဲ့ နောက်ဆုံး
နှစ်ဦးစလုံး မောဟိုက်သွားတော့မှပဲ ဆင်းပြီး ခပ်ဝေးဝေးချောင်တစ်ချောင်မှာ သွားနားလေတယ်။
တစ်ရက်နှစ်ရက်လောက် ပေါ်မလာတော့ဘူး။ နောက်မှ သိရတာက ကြွက်ကလေးဟာ သူ့လက်သည်းတွေ သန်မာအောင်နဲ့
သွားတွေ ထက်မြအောင် ကျင့်နေ၊ သွေးနေခဲ့တာတဲ့။
အဲဒီညက
စားပွဲကလေး အိပ်ရာစောစောဝင်ခဲ့တဲ့အတွက် ကြွက်ကလေးနဲ့ အုပ်ဆောင်းကလေးတို့ရဲ့ အဖြစ်အပျက်ကို
သေချာမသိခဲ့ရပါဘူး။ ဒါပေမဲ့ အုပ်ဆောင်းကလေး လွမ်းလွမ်းဆွေးဆွေး မြည်တမ်းတဲ့အခါ ကြားနေရလွန်းလို့
အသေးစိတ်ထိ သိနေခဲ့တာပေါ့။
အုပ်ဆောင်းကလေး
ပြောပုံအရဆို သူအိပ်မောကျသွားပြီးမကြာခင်မှာပဲ ကြွက်ကလေးရောက်လာတယ်တဲ့။ စစချင်းရက်ကထက်
ပိုသန်မာလာတဲ့ လက်သည်းတွေနဲ့ ထက်မြိလာတဲ့သွားတွေကို ပြပြီး အုပ်ဆောင်းကလေးရဲ့အထဲ ဘာရှိသလဲ
မေးလေရဲ့။ မဖြေရင် ကိုက်ဖြတ်ထိုးဖောက်ပြီး ၀င်မယ်ပေါ့လေ။
"ငါ့အထဲမှာ
ဘာရှိတယ်ဆိုတာ သိရုံနဲ့ နင် ဘာများအကျိုးရှိမှာမို့လဲဟာ.."
ကြွက်ကလေးကတော့
ဂရုမစိုက်ပါဘူး။ အုပ်ဆောင်းကလေး တကယ်မသိတဲ့အကြောင်းကို မရမကမေးတော့တယ်။ ရှင်းပြလို့
မရတဲ့အဆုံး အုပ်ဆောင်းကလေးဟာ သူ့အပေါ်တွယ်တက်လာတဲ့ ကြွက်ကလေးကို တောင်းပန်ရှာပါသေးတယ်။
မရဘူး။ ခါထုတ်တယ်။ ကြွက်ကလေးဟာ တွယ်တက်မြဲ၊ သူ့သွား ချွန်မြမြတွေနဲ့ အုပ်ဆောင်းကလေးကို
စတင် ကိုက်ဖြတ်တော့တယ်။ အုပ်ဆောင်းကလေးဟာ ရုန်းကန် ခါထုတ်ပေမဲ့ ကြွက်ကလေးရဲ့ လက်သည်းတွေ
ပိုမိုသန်မာနေခဲ့တာကြောင့် အရေးနိမ့်ခဲ့ရလေရဲ့။ အုပ်ဆောင်းကလေးခမျာ နာကျင်လွန်းလို့
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတဲ့အထိ ငိုကြွေးအော်ဟစ် တောင်းပန်နေတာတောင်မှ ကြွက်ကလေးဟာ
မရမက မညှာမတာ ကိုက်ဖောက်ပစ်ခဲ့တယ်။ သူ့ကိုက်ဖောက်လို့ ဖြစ်လာတဲ့ အုပ်ဆောင်းကလေးရဲ့
ဒဏ်ရာအပေါက်အပြဲတွေကို ကြည့်ပြီး ကျေနပ်အားရနေဟန်နဲ့ ကြွက်ကလေးဟာ တဟားဟား အော်ရယ်တယ်။
အောင်ပွဲရ စစ်သူကြီးတစ်ယောက် သူ့ရဲ့ စစ်သုံ့ပန်းကို ကြည့်ပုံမျိုးနဲ့ အုပ်ဆောင်းကလေးကို
ကြည့်ပြီး အပေါက်အပြဲတွေက တဆင့် စားပွဲကလေးပေါ်က အရာဆီ သွားခဲ့တယ်။ သူ့ဒဏ်ရာအပေါက်အပြဲဆီ
ငုံ့ပြီး အုပ်ဆောင်းကလေးခမျာ မျက်ရည်စက်လက်ကြားကနေ ကြွက်ကလေးကို လှမ်းကြည့်ပါသေးတယ်။
မှောင်လွန်းလို့ သဲသဲကွဲကွဲ ဘာမှ မမြင်ရဘူး။
တိတ်ဆိတ်နေတဲ့
ညမှာ ငြိမ်သက်နေတဲ့ အိမ်ကလေးထဲ ဖြောင်းခနဲ အသံတစ်သံ နောက်ဆုံးအနေနဲ့ ထွက်လာပြီး နာကျင်လွန်းစွာ
အော်ဟစ်လိုက်တဲ့ ကြွက်ကလေးရဲ့စူးရှရှအသံနဲ့အတူ ခဏအတွင်းမှာ အရာရာဟာ နဂိုအတိုင်း ပြန်လည်အေးစက်သွားခဲ့။
အသံဆိုးကြီးကြောင့် လန့်နိုးလာတဲ့ စားပွဲကလေးဟာ အုပ်ဆောင်းကလေး အကြောင်းစုံပြောပြလို့သာ
သိခဲ့ရတယ်။ ဘာဖြစ်သွားလို့ ဖြစ်သွားမှန်း နားမလည်နိုင်ခဲ့ဘူး။ ကြွက်ကလေးကို မြင်လိုက်ရတာ
အဲဒီညက နောက်ဆုံးပါပဲ..။
ဒီလိုနဲ့
မနက်လင်းလာတဲ့အခါ နေရောင်ဟာ အရင်အတိုင်း စူးရှလို့ ပြတင်းတံခါးကတဆင့် ၀င်လာခဲ့တယ်။
အုပ်ဆောင်းကလေးဟာ သူ့ဒဏ်ရာအပေါက်အပြဲထဲ ထိုးဝင်နေတဲ့ နေရောင်ရဲ့ အလင်းနဲ့ ကြွက်ကလေးကို
မှတ်မှတ်ရရ ရှာကြည့်ပါသေးတယ်။ သူ အုပ်မိုး ကာကွယ်ထားတဲ့ စားပွဲကလေးအပေါ်က ပစ္စည်းရော၊
ကြွက်ကလေးရဲ့ အရိပ်အယောင်ကိုပါ လုံးဝ မတွေ့ရတော့ဘူး။ ကြွက်ကလေးကိုက်ဖြတ်ခဲ့တဲ့ ဒဏ်ရာက
တဆစ်ဆစ်နာလာလို့ အံကြိတ် မာန်တင်းလိုက်တယ်။ ထူးဆန်းတယ်။ ဒဏ်ရာက မနာတော့ဘူး။ မျက်ရည်ဝဲတက်လာတယ်။
အုပ်ဆောင်းကလေး ချုံးပွဲချ ငိုကြွေးမိတော့တယ်။
***
အိမ်ကလေးတစ်လုံးရှိတယ်။
အရာရာ ပျက်သုဉ်းဟောင်းနွမ်းနေပြီဖြစ်တဲ့ သခင်ပြန်ရောက်မလာတော့တဲ့ အိမ်ကလေး။ ကောင်းကောင်းကန်းကန်းရှိတာဆိုလို့
မျက်နှာပြင်ပေါ် အမာရွတ်တစ်ခုနဲ့ စားပွဲခုံလေးတစ်ခုံ။ စားပွဲကလေးရဲ့ အပေါ်မှာက စုတ်ပြတ်ပေါက်ပြဲနေတဲ့
အုပ်ဆောင်းကလေးတစ်ခု။
လွမ်းလွမ်းဆွေးဆွေး
ရှိလာတဲ့ ရက်တွေဆို အုပ်ဆောင်းကလေး အမြဲ ညည်းနေကျ စကားတစ်ခွန်းရှိတယ်။
"မနာကျင်တော့ဘူး..၊
နောက်ထပ် မနာကျင်ရတော့ပါဘူးလေ.."
ထိုးမြဲလက်မှတ်ကလေးပေါ်မှာတော့
ဖုန်တွေ..။
နွေရိပ်
၂၃၊ ဇွန်၊ နှစ်ထောင့်ဆယ့်ငါး
No comments:
Post a Comment
Note: Only a member of this blog may post a comment.