Sunday, October 25, 2015

အပရာဇိတ

သိဒ္ဓတ္ထဟာ မြက်ရှစ်ဆုပ်ကို
ကြဲဖြန့်လိုက်တယ်
တစ်ဆယ့်လေးတောင် အကျယ်အ၀န်းရှိတဲ့
ပလ္လင်တော်မြက်ဖျာ ဖြစ်လာတယ် 

ဘုရားမဖြစ်သမျှ ငါ မထတော့ပြီ

စိတ်အကြံ အဓိဌာန်ပြုတယ်

နှောင့်ယှက်သူ မာရ်နတ်
စစ်သည်အမြောက်အများခြံလို့
ဂီရိမေခလာဆင်ကြီးကို စီးလို့
လက်ရုံးတစ်ထောင်ကို ဆန့်တန်းလို့
ဆည်းဆာနဲ့အတူ  ဓားလှံလက်နက်တို့ကို ၀င့်လို့
ဝူးဝူးဝါးဝါး ခြိမ်းလို့ ခြောက်လို့
ကြွေးလို့ ကြော်လို့
စိတ်အကြံပျော့ အဓိဌာန်လျော့အောင် ပြုလေတယ်

အချိန်ကိုက်ပဲ
ဟီးရိုးမတစ်ဦးထွက်ပေါ်လာပြီး
ဒင်းတို့ကို ဒရောသောပါး မျောပါသွားစေဖို့
ဆံရေကို ညှစ်ချတယ်

မာရ်နတ်နဲ့ နောက်လိုက်စစ်သည်တွေ
ရယ်တယ်
ဟက်ဟက်ပက်ပက်
ဝက်ဝက်ကွဲကို ရယ်တယ်

ဂုဏ်ဝင့်သူ ဟီးရိုးမ
ပန်းချီကားထဲ ပြန်ပြေး ၀င်ပုန်းရတယ်

သိဒ္ဓတ္ထဟာ အားငယ်သူဖက်က
အစဉ်သဖြင့် ရပ်တော်မူခဲ့ပါတယ်

မသိသားဆိုးရွားသူတို့အား
လက်ကာပြပြီးနောက်
ချမ်းမြစွာ ပြုံးတော်မူတယ်

ညာလက်တော်နဲ့
နှစ်သိန်းလေးသောင်း ယူဇနာအထုရှိတဲ့
မြေပြင်ပေါ် ဖွဖွသာယာ ထိလိုက်တယ်
ထို့နောက်
တဖန်
ထပ်မံ ပြုံးပြန်တယ်

အပရာဇိတ သမိုင်းတစ်လျှောက်
နူးညံ့သူ
ဝါဂွမ်းစိုင်ကလေးကို လွင့်ပါလောက်အောင်
မာရ်နတ်မုန်တိုင်း မထန်နိုင်။

နွေရိပ်
၂၆၊ အောက်တိုဘာ၊ နှစ်ထောင့်ဆယ့်ငါး

No comments:

Post a Comment

Note: Only a member of this blog may post a comment.