တစိမ့်စိမ့်တွေးလေ ပျော်ဖို့ကောင်းလာလေပဲ၊ နှုတ်ခမ်းကို
ဖိကိုက်ရင်း ပြုံးမိတာပေါ့။ ကြည့်မှန်ရှေ့က ကျမဟာ အကြောင်းတရားပဲ။
ထင်ဟပ်နေတဲ့ပုံရိပ်မှာ မိုးတွေ နင့်နင့်သည်းသည်း ရွာချလို့။
အဲဒါဟာ အတ္တဗဟိုပြု
အရေးအသားပဲ။ ကျမကြောင့် ဖြစ်တည်လာရတဲ့ ကျမ မဟုတ်တဲ့ ဘ၀အသစ်ကလေးပဲ။
ခန္ဓာတစ်ခုတည်းမှာပဲ ကာမာဝစရ ကံတွေချင်း အပုံကြီးကွဲ နေ/ခဲ့
တာ။ မှုန်သီဝေနေတဲ့
ကျမ မျက်ဝန်းတွေကို ကျမရဲ့ မျက်ဝန်းတွေက ပြန်မြင်ရ။ ကျမ
ရှိုက်သွင်းလိုက်တဲ့လေက
ထွက်သက်မှာ တစ်ယောက်ယောက်ကို တိုးတိုက်မိသွားသလား စိတ်မှတ်မဲ့စွာ
တစ်ကိုယ်တည်း
ပြန်မေးမိ၊ ပြီးမှ ရယ်သံလိုလို၊ စိုးရွံ့။ မော့ကြည့်မိတော့
အဟုတ်ပဲ၊ ပြုံးနေတာ ကျမတစ်ယောက်တည်းမှ
မဟုတ်တာ။ ကာလသုံးပါးမှာ လည်ပြန်နေ့ရက်တွေပဲ ကျန်တော့ကြောင်း
ဘယ်မှတ်တမ်း မှတ်ရာမှာမှ
ရေးမှတ်မထားချင်တော့ဘူး။ Count Down ဟာ ဘယ်တုန်းကမှ ရပ်နေခွင့်
မပေးခဲ့ပါဘူး။ ဒိုင်ယာရီ
စာအုပ်ထဲမှာ ညှပ်သိမ်းမိတဲ့ ဆံပင်အကြွေတွေ ပိုပိုများလာတယ်။
ရှင် နမ်းရှိုက်ခဲ့ဖူးတဲ့ ဆံပင်ရှည်ရှည်တွေ သူ့အလိုလို ကြွေကျနေတာ မနက်ခင်းတိုင်း ကျမ
ထိုင်ကြည့်ဖြစ်တယ်။ မှန်ရှေ့က ကျွန်မထက်
အဲဒီပုံရိပ်က ပိုနုပျိုနေတာ ကျမ သိပ်ဝမ်းသာတာပဲ။
"မနက်ဖြန်တွေဟာ ပိုပိုကောင်းလာတော့မှာ.." အဲဒီစကား ရှင် ပြောခဲ့တာလား။ ချန်ထားတဲ့ အသံမက်ဆေ့ခ်ျလေးကို
သေသေချာချာ နားထောင်ဖို့ ခဏခဏ ပြန်လည် သီကုံးခဲ့တဲ့ ရနံမဲ့ ပန်းကလေးတွေမှာ ရှင့် ကိုယ်သင်းနံ့နဲ့
စွတ်စိုလို့။ မပြုံးမရယ်ဖြစ်တာ ဆယ်ကမ္ဘာလောက်
ကြာပြီ ထင်ရတဲ့ ကျမ အဲဒီမနက်တစ်ခင်းလုံး ထိုင်ရယ်နေခဲ့တာပေါ့။
သိပ် ချစ်ဖို့ကောင်းတဲ့ ကျမပဲ..။ ကျမကိုက စွန့်ခွာခဲ့တာ။ ကျမရဲ့ လည်မှာ ရစ်ပတ်ဖို့
ကျမ ဆံပင်တွေကို ကြိုးလို ထိုင်ကျစ်တယ်။ တဒင်္ဂလေး
မွန်းကျပ်ရမှာပါ လို့ တဖွဖွရွတ်တယ်။ မှန်ထဲက အပြုံးဟာ ပိုပီပြင်လာသလိုပဲ။
ကျမ အသိတွေ အကုန် မှိတ်ချပစ်လိုက်တယ်။ နောင်ဘ၀ရောက်ရင်လည်း ကျမ ဆံပင်ရှည်ရှည်တွေ ရှင်
လာနမ်းဦးမှာပဲမဟုတ်လား။ လမ်းကြုံတဲ့ အခါ..။
နွေရိပ်
ဆယ့်လေး၊ မေ၊ နှစ်ထောင့်ဆယ့်ငါး
No comments:
Post a Comment
Note: Only a member of this blog may post a comment.