Sunday, October 25, 2015

မိုးတွေ ညို့လာရင်..

မိုးတွေ ညို့လာရင် ဟာ ထီးကလေးတစ်ချောင်းတည်း နှစ်ယောက်အတူ တွဲမဆောင်းဖြစ်လိုက်တဲ့ ကောင်မလေးတစ်ယောက်ကို သတိရစေခဲ့တယ်။ လက်ပတ်နာရီကလေးကို အကြိမ်ကြိမ်ကြည့်ပြီး ပြန်ကြရအောင်လေ လို့ ခဏခဏ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ မိုးတွေ ညို့လာရင် ဟာ အဲဒီမျက်ဝန်းညိုညိုတွေအစား အုံ့မှိုင်းနေတဲ့ တိမ်တွေကိုပဲ အပြစ်ဆိုမိစေတာပါပဲ။ စိတ်ကူးထဲ မိုးသားတွေ တအုံတဖွဲ့ကြီး ညို့တက်လာတယ်။ မျှော်လင့်ခဲ့ဖူးတဲ့ နေ့ရက်ကလေးတွေ မိုးမည်း မရွာ စကားနဲ့အတူ လွင့်ပျယ် ပျောက်သွား..။ မိုးတွေ ညို့လာရင် ဟာ စက်ဘီးကလေးနောက်က ကယ်ရီယာခုံကလေးမှာ ပေါ့ပါးကြည်လင်နေတဲ့ ကောင်မလေးတစ်ယောက်ကို အိပ်မက်ထဲမှာတောင်မှ ခုန်ဆင်း ထွက်ပြေးစေခဲ့တယ်။ မမှီနိုင်မှန်းသိသိနဲ့ ပြေးလိုက်ခဲ့သူအတွက် မိုးတွေ ညို့လာရင် ဟာ ရုပ်ရှင်ဆန်လွန်းခဲ့ပါတယ်။ 


တကယ်ဆိုရင် လူတစ်ယောက်မှာ ပြေးပုန်းဖို့အတွက် ၀ပ်ကျင်းကလေးတစ်ခုလောက်တော့ရှိသင့်ကောင်းရဲ့..။ အနည်းဆုံး စုတ်ပြတ်ပေရေနေတဲ့ ၀ပ်ကျင်းဟောင်းလေးဖြစ်ဖြစ်ပေါ့။ တကယ်ကို လိုအပ်ပါတယ်။ ၀မ်းနည်း အားငယ်လာတဲ့အခါ တစ်ကိုယ်တည်း တိတ်ဆိတ်ပစ်လိုက်ဖို့ပေါ့။ အမှောင်ထုထဲ ကိုယ့်ကိုယ်ကိုယ် စုန်းစုန်းနှစ်ပစ်လိုက်ဖို့ပေါ့။ အထီးတည်း ငိုကြွေးပစ်လိုက်ဖို့ပေါ့။ မျက်ရည်စတွေကို လက်ခုံနဲ့ ပွတ်သုတ်ပြီးတဲ့အခါ အရူးတစ်ယောက်လို ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်ဖို့ပေါ့။ ရယ်သံမဆုံးခင် လူးလိမ့်ဟစ်အော်ပစ်လိုက်ဖို့ပေါ့။ မိုးတွေ ညို့လာရင် အဲဒီဝပ်ကျင်းကလေးထဲ စိတ်ရောကိုယ်ပါ ကျုံ့ဝင်သေးငယ်ပစ်လိုက်ဖို့ပေါ့။


မိုးတွေ ညို့လာရင် ဟာ ကိုယ်ပိုင်ဥယျာဉ်ထဲက တိမ်သားရုပ်ကလေးတွေကို ပုပ်သိုးညစ်ထိုင်းသွားစေသလို၊ ရာသီအလိုက်ပွင့်တဲ့ ပန်းတွေကိုလည်း သတိရမိစေတာပါပဲ..။ တစ်စုံတစ်ဦးရဲ့ ဆံနွယ်လှလှလေးတွေထက် ပန်ဆင်ချိတ်တွယ်မပေးလိုက်ရတဲ့ ပန်းကလေးတွေကိုပေါ့။ သေဆုံးသွားတဲ့ ရနံ့တွေရဲ့ ကျိန်စာဟာ တုံ့ဆိုင်းလေးလံခဲ့တဲ့ ကိုယ့်လက်တွေကို လာစူးတယ်။ ဝေးကွာခြင်းကြယ်တွေကို နင့်နင့်သည်းသည်း ရေတွက်နေရ..။ ၀ိုးတ၀ါးမျက်နှာလေးကို သိပ်သိပ်သည်းသည်း လွမ်းဆွတ်နေရ..။ ပူလောင်ခြင်းကိုမှ သစ်သီးထင်မှတ်သူ ဟာနုမာန်ဟာ ကိုယ်ပါပဲ..။


ဖြစ်နိုင်ရင် တမ်းတနေ့စွဲတွေ ဖောင်းပွမလာခင် အချိန်တွေကို Counter Clockwise လှည့်မယ်။ ပြန်လည်ကျုံ့ဝင်သေးငယ်လွန်းသွားမှ ရပ်ပစ် ပုံမှန်စေမယ်။ မဟာပေါက်ကွဲမှုကြီးဖြစ်ပွားတဲ့အခါ မင်းနှလုံးသားထဲက အဦးဆုံးထွက်မြောက်လာမှာ ကိုယ်ပေါ့..။ မိုးတွေ ညို့လာရင်..။



နွေရိပ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.