Sunday, October 25, 2015

ပုလင်းအဖုံးထဲက လိမ္မော်ရည်

ချစ်သူတို့ သက်တမ်းတို၏
မုန်းသူတို့ သက်တမ်းရှည်၏
ကြေကွဲ၍ မဆုံးပါ

တင်မိုး - မိုးမိုး(အင်းလျား) သို့ လွမ်းဆွတ်ခြင်း


သေခြင်းတရားအကြောင်း ခဏခဏတွေးဖူးသလို၊ မျက်မြင်လည်း ခဏခဏ ကြုံဖူးတယ်။ ဆွေမျိုးအရင်းကြီးတွေ တစ်နှစ်လောက်ပဲ ခြားပြီး တဖြုတ်ဖြုတ် ဆုံးပါးကုန်တာလည်း ကိုယ့်မျက်စိအောက်တင်..။ ဆိုတော့.. ပူဆွေးရတာပေါ့..။ ၀မ်းနည်းမိတာပေါ့..။ ဟုန်းခနဲ ထလောင်ပြီး ဟုတ်ခနဲ ပြန်ငြိမ်းသွားတာထက် တမြေ့မြေ့ကျွမ်းတဲ့အဖြစ်က ပိုဆိုးတယ်ဆိုတာ သိပ်မှန်တာပဲ။ ကို Zephyr ရေးဖူးသလို..၊ ကိုယ်နဲ့ သူတို့ကြားက ဆက်သွယ်ထားတဲ့ စွမ်းအင် ကွန်ယက်ဟာ အားကြီးရင် ကြီးသလောက် ခံစားရတာပါပဲ..။ ဆက်သွယ်ထားတဲ့ စွမ်းအင်တွေ အကြောင်းကြောင်းကြောင့် ဖယ်ထုတ်ခံလိုက်ရတဲ့အခါ..၊ ယုတ်လျော့သွားတဲ့အခါ ပမာဏများရင် များသလောက် လောင်ရတော့တာ..။



တစ်ခါတစ်ခါ တွေးမိတယ်..။ ကိုယ်ဟာ Screenshot လေး တစ်ခုတောင်မှ ဖျက်ပစ်ဖို့ ၀န်လေးနေတတ်တဲ့သူပါလား လို့ပေါ့..။ တွေးတုန်းကတော့ ပေါ့ပေါ့ပါးပါးပါး တွေးလိုက်တာပါ..။ ရယ်ရယ်မောမော တွေးဖြစ်တာပါ..။ ဒါပေမဲ့ အရယ်ရဲ့နောက်မှာ မောစရာ အတွေးတွေ တစ်ပုံကြီး ကပ်ပါလာတယ်။ တကယ်တမ်းပြောရရင် Screenshot လေးတစ်ခုပဲဖြစ်ဖြစ်..၊ ကြီးကြီးမားမား အမှတ်တရပဲဖြစ်ဖြစ် ကိုယ်ဘယ်လောက် ဖက်တွယ်ထားထား၊ ဆုပ်ကိုင်သိမ်းဆည်းထားထား တစ်ချိန်ချိန်မှာတော့ လက်လွှတ်လိုက်ရတာပါပဲ..။ သေခြင်းတရားနဲ့ တိုက်ချလိုက်ရင် အရာရာဟာ ပြိုလဲကုန်တော့တာပါပဲ..။ သေခြင်းတရားဟာ တွေးမိရင် လန့်လန့်သွားစေတယ် လို့ စဉ်းစားမိတဲ့အခါတိုင်း တကယ်ကို ကြောက်လန့်သွားစေခဲ့..။ အဲဒီအတွေးဟာ တကယ်တမ်း ကိုယ်တိုင်ကြုံရတဲ့အခါ ရင်ဆိုင်ဖို့အတွက် အထောက်အပံ့တစ်ခုခုတော့ ဖြစ်မှာပါပဲ လို့ တစ်ဆက်တည်း ထပ်တွေးမိပြီး ပြုံးဖြစ်ပြန်တယ်..။ ဒီလိုနဲ့ပဲ အရယ်အမော အပျော်အရွှင်နဲ့ အကြောက်အရွံ့ဟာ လုံးလည်ချာလည်လိုက်ပြီး သံသရာလည်ပြန်တယ်..။



သံသရာဆိုလို့ သေခြင်းတရားနဲ့ ဆက်စပ်ပြီး တွေးမိတဲ့အထဲ အဲဒီ သံသရာဆိုတဲ့ဟာကြီးလည်းပါတယ်..။ သံသရာဟာ Diameter ဘယ်လောက်ရှိမှန်း တွက်ဆလို့မရတဲ့ စက်ဝိုင်းကြီးလို့ ဆိုကြပါစို့..။ မွေးဖွား၊ ရှင်သန်၊ သေဆုံး ဆိုတဲ့ ဘ၀တစ်ခုဟာ အဲဒီ သံသရာဆိုတဲ့ ပုတီးကုံး စက်ဝိုင်းကြီးရဲ့ ပုတီးစေ့ကလေးပေါ့..။ ပထမပုတီးစေ့ဟာ ကော်နဲ့လုပ်ထားတဲ့ ပုတီးလုံးကလေး ဖြစ်ချင်ဖြစ်ပြီး၊ နောက်တစ်လုံးကျတော့ ကျောက်စိမ်းပုတီးစေ့ကလေးလည်း ဖြစ်ချင်ဖြစ်မယ်..။ ဖန်နဲ့ ဒါမှမဟုတ် သစ်သားတစ်မျိုးမျိုးနဲ့ လုပ်ထားတဲ့ ပုတီးစေ့ကလေးဖြစ်ချင်ဖြစ်မှာပေါ့..။ ဒါမှမဟုတ်လည်း ပုလဲလုံးကလေးနဲ့ပေါ့..။ ကိုယ်တွေဟာ အဲဒီ ပုတီးကုံးကြီးကို အပတ်ရေ ခပ်များများရအောင် လောဘနဲ့စိပ်နေသူတွေပေါ့..။ ဘုရားစောင်းတန်းတစ်နေရာမှာ ပုတီးတစ်ကုံးကိုင် အကျအနထိုင်ပြီး ဂါထာတစ်ထောင် မပြည့်သေးပါလား မပြည့်သေးပါလားနဲ့ စိတ်မရှည်နိုင်ဖြစ်နေတဲ့ ယတြာချေ အဒေါ်ကြီးတစ်ဦးလို ဒေါသနဲ့ စိပ်နေသူတွေပေါ့..။ လာဘ်လာဘပေါများချင်ရုံသက်သက် ရွတ်ဖတ်နေတဲ့ ပုတီးတစ်ချောက်ချောက် ဦးလေးကြီးတစ်ယောက်လို မောဟနဲ့ စိပ်နေသူတွေပေါ့..။ တကယ့်တကယ် အဲဒီပုတီးကုံးကြီးကို လွှတ်ချချင်လာတဲ့အခါ ကိုယ့်ဖက်က အစွဲအလန်းကင်းကင်းနဲ့ စိတ်ရှင်းဖို့တော့ အနည်းဆုံး လိုမှာပါပဲ..။ ဘဝမှာ ဖက်တွယ်ဖမ်းဆုပ်ထားတတ်ကြသလို လွှတ်ချတတ်ဖို့ဟာလည်း သိပ်လိုတယ်ဆိုတာ တစ်နေ့ထက် တစ်နေ့ ပိုပို ရိပ်စားမိလာတယ်..။ အဲဒီအတွက်လည်း သင်ယူ ကျင့်ယူရမယ်ဆိုတာလည်း ပိုပို သိလာတယ်။



ဘ၀အဓိပ္ပာယ်ဆိုတာ ဘာလဲ လို့ တွေးမိတဲ့အခါတိုင်း အဘိုး ညည်းခဲ့တဲ့ စကားလေးကိုပဲ အမြဲ ပြန်ကြားတယ်..။ ဆုံးခါနီး တစ်ရက်နှစ်ရက်လောက်မှာ မချင့်မရဲ ညည်းခဲ့တာ..။ "မနည်းလွန်းဘူးလားကွာ.." တဲ့..။ အဲဒီတုန်းက သူ ခံစားနေရတဲ့ ဝေဒနာကြောင့် ရင်ပူလွန်းတယ် ထင်ပါရဲ့..၊ ဆုံးခါနီး ရက်ပိုင်းမှာ အချိုရည်အေးအေးလေး သောက်ချင်တယ် အမြဲ ပူဆာ ညည်းညူတဲ့ အဘိုးကို ပုလင်းအဖုံးကလေးထဲ လိမ္မော်ရည်ကလေးထည့်ပြီး အာသာပြေပါစေတော့ရယ် လို့ သွားတိုက်တဲ့ မြေးကို ပြောတဲ့စကားကလေး..။ ပုလင်းအဖုံးကလေးထဲက လိမ္မော်ရည်ကို တွေတွေကလေးစိုက်ငေးကြည့်ပြီး မချိတင်ကဲလေသံနဲ့ ညည်းခဲ့တဲ့ စကားကလေး..။ အဲဒီတုန်းက ကိုယ်က အပူဟပ်နေသူကိုး..။ ထွေထွေးထူးထူး သိပ်မတွေးမိဘူး။ ဒီအတိုင်းတောင် ချွဲတွေ ခဏခဏ နှိုက်ထုတ်ပေးနေရတဲ့ အဘိုးအတွက် အချိုရည်ဟာ ဘယ်လိုမှ မသင့်တော်ပါဘူး။ သူ စိတ်ကျေနပ်အောင် နည်းနည်းပါးပါး တိုက်ပြီးမှ မရှိတော့ဘူး ဖေကြီးရဲ့၊ ကုန်ပြီ ဘာညာတွေ လျှောက်လျှောက် ပြောရတာပါပဲ..။ ထားပါတော့..။ နောက်မှ ပြန်စဉ်းစားဖြစ်တယ်။ ဘ၀ အဓိပ္ပာယ်ဆိုတာ ဒါလား၊ တောက်လျှောက်ရှင်သန်လာခဲ့ရသမျှရဲ့ အဆုံးသတ်ဟာ လိမ္မော်ရည်တစ်ဖုံးစာမျှသာလား၊ ဘ၀မှာ ရနိုင်သမျှ ချိုမြိန်မှုဟာ အဖုံးကလေးထဲက လိမ္မော်ရည်လောက်တောင် သေချာမှုရှိပါဦးမလား..။ အဘိုးရဲ့ မျက်လုံးတွေကို ပြန် အမှတ်ရမိတယ်။ "မနည်းလွန်းဘူးလားကွာ" ဆိုတဲ့ အဘိုးရဲ့စကားမှာ ဘ၀ဆိုတာရဲ့ အနှစ်သာရဟာ အတော်ကြီး ပြန်ဆင်ခြင်ယူရမယ့်အရာဖြစ်သွားခဲ့..။



ချိုမြိန်မှုလို့ ထင်ခဲ့တဲ့အရာတွေ ဘ၀မှာ ဘယ်လောက်များ များပြားခဲ့ပါသလဲ။ တံလျှပ်တွေနောက် တကောက်ကောက်လျှောက်လိုက်ရင်း ပိုမို မောဟိုက်လာရခြင်းမှာပဲ ကိုယ်တွေစိတ်ဟာ အသားကျနေခဲ့တာပေါ့။ မနေပျော်ဘူးလို့ တဖွဖွညည်းရင်း၊ မပျော်ပိုက်ဘူးကွာ လို့ တတွတ်တွတ် ရွတ်ဆိုရင်း နေပျော်ဖို့၊ ပျော်ပိုက်ရွှင်လန်းဖို့ နည်းလမ်းကို မရှာဖွေ၊ မကြံဆနိုင်အားခဲ့ကြသူတွေ..။



ဆရာကြီးတင်မိုးရဲ့ ကဗျာထဲကလို ဆေးလိပ်တိုချိန်တွေ၊ နေညိုချိန်တွေဟာ လူတိုင်းအတွက် အချိန်မရွေး ရောက်လာနိုင်တာပါပဲ..။ ငါ့ ကို ပြန်ပို့ကြပါလေ ဆိုတဲ့စကားရဲ့နောက်မှာ ဘယ်သူတွေက ဘယ်လိုနည်းလမ်းမျိုးနဲ့ ပို့မှာလဲဆိုတဲ့ အတွေး ကပ်ပါလာနိုင်ကောင်းရဲ့။ ဘယ်ကို သွားမှာလဲ၊ ဘယ်လိုသွားမှာလဲ ဆိုတာကလည်း စဉ်းစားစရာပါပဲ။



ရှင်သန်နေထိုင်စဉ်မှာရော ထွက်သွား၊ ပြန်ရတဲ့အခါတွေမှာရော ပျော်ရွှင်စေဖို့၊ ပျော်ရွှင်နိုင်ဖို့ နည်းလမ်းဟာ ဘာများလဲ၊ အဲဒီ ပတ်စ်ကုဒ်ကလေးဟာ ဘာများဖြစ်လေမလဲ..။ လှိုင်းလုံးကြီးတွေအောက် တဆတ်ဆတ် တုန်ယင်မောဟိုက်နေတဲ့ စက္ကူလှေကလေးရဲ့ ကမ်းကပ်တည်ငြိမ်ချိန်ဟာ ဘယ်တော့များလဲ..။ အဲဒီလိုနဲ့ မျှော်ရင်းမျှော်ရင်း ပြန်ပြန်မျောပါသွားတဲ့ အ၀ိုင်းပတ်ကြီးထဲ ကိုယ်တွေဟာ ဘူတာတစ်ခုခုရောက်ရင် ဆင်းမယ်အကြံနဲ့ ရထား ပတ်စီးနေကြသူတွေပေါ့..။ မဆုံးနိုင်သော တစ်မျှော်တစ်ခေါ် ရှုခင်းတွေဟာ ကိုယ်တွေကို သံလမ်းတစ်လျှောက် ဖိတ်ခေါ် ဆွဲငင် ဟစ်အူလို့..။ ကိုယ်တွေကလည်း မိန်းမောစွာ လိုက်လံဟစ်အူလို့..။ ဆွဲဆွဲငင်ငင်..။
  


သေချာတာတစ်ခုကတော့..၊ သေချာတယ်ထင်မှတ်ထားတဲ့ ပုလင်းအဖုံးထဲက လိမ္မော်ရည်ရဲ့ ချိုမြိန်မှုဟာလည်း ချွဲကျပ်မလာခင် တဒင်္ဂအထိသာ ဆိုတာပါပဲ..။ အချိုတွေ ကုန်သွားတဲ့အခါ..။



နွေရိပ်
နှစ်ဆယ်၊ အောက်တိုဘာ၊ နှစ်ထောင့်ဆယ့်ငါး

No comments:

Post a Comment

Note: Only a member of this blog may post a comment.