Sunday, October 25, 2015

ကျွန်တော့်သိမှုမိုးသားထဲ မမရဲ့ အသံတွေ မှုန်ပြာရီသည်း..

လူသည် ရယ်စဉ်အခါပင် ၊ ၀မ်းနည်းတတ်သော စိတ်သဘောရှိ၏။ 
ထို ရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်း ရှိတတ်၏။
သုတ္တံကျမ်း - ၁၄ : ၁၃ - ၁၄

၁။

အရင်းစစ် အမြစ်မြေက ဟူသည့်စကားကို ကောင်းကင်၌ပေါက်ရောက်သော တိမ်တို့အားကြည့်၍ နူးညံ့စွာ ကျွန်တော်ငြင်းဆိုခဲ့ဖူးပါသည်။ပေါ့ပါးစွာ ရွေ့လျားနေကြသည့် ထိုတိမ်စိုင်တို့ကြား၌ "မမ" ၏ ပုံရိပ်တို့ ထင်ဟပ်နေမလား ၊ မော့ကြည့်စိတ်ကူးယဉ်မိသည်။မမ ၏ ရုပ်သွင်ကိုကား ဖမ်းဆုပ် ပုံဖော်ကြည့်၍ မရ။လေတိုးသံတို့သာ နားထဲ တဟူးဟူး ကြားနေရသည်။တိုက်ခတ်နေသော လေထုထဲသို့ တိုးသဲ့ပျံ့လွင့်လာသည်မှာ မမရဲ့ စကားသံတွေလေလား။ကြိုးစား၍ နားစိုက်ထောင်ပါသော်လည်း ချုပ်ပျက်ပျောက်ကွယ်သွားကြပြန်သည်။တကယ်ဆိုလျှင် ဂဏန်းကလေးဆယ်လုံးမျှနှိပ်၍ ကိုယ့်နှလုံးသားနှင့်ကိုယ် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း သိရက်နှင့် ဆွံ့အခြင်းလောက် ရူးသွပ်မိုက်မဲမှု မရှိတော့..။မည်သို့ဖြစ်ဖြစ်ပေါ့..အခွင့်ရှိခဲ့ဦးမည်ဆိုပါလျှင် မမ၏ လှောင်ပြောင်ရယ်မောသံလေးကို ထပ်မံ၍ ကြားလိုပါသေးသည် မမ။

 

၂။


 

မှားယွင်းစွာခေါ်ဆိုမိသော ဖုန်းကောလ်တစ်ခုကြောင့် ထပ်မံ၍ လွဲမှားစွာနာကျင်ရမည့် အဖြစ်အပျက်တို့နှင့် ကြုံရလိမ့်ဦးမည်ကို ကြိုတင်သိရှိခဲ့မည်ဆိုလျှင်လည်း ထိုအခိုက်အတန့်လေးကိုပဲ မက်မောတွယ်တာစွာ ဖက်တွယ်မိမည်မှာ မည်သည့်စကားရပ်တို့နှင့် စစ်ချစစ်ချ အလုံးအရပ်လျော့သွားမည်မဟုတ်သည့် ကျွန်တော့်ရဲ့ ရိုးသား ရဲဝံ့မှုတစ်ခုပါ မမ။

မိမိခေါ်ဆိုသည့်သူမဟုတ်မှန်း ဖုန်းဝင်သွားပြီး မကြာခင်မှာပဲ သိခဲ့ပေမယ့် "ဟဲလို"သံလေးတစ်ခုအား စွဲလန်းခြင်းကြောင့် မကြာကြာအောင် ဆွဲဆန့်ထားရသည့် တဒင်္ဂလေးကို ခုထိသတိရတုန်းပဲဟု ပြောလျှင် ရယ်မှာလေလား။ရယ်ပါ..မမ ..ရယ်ပါ။စကတည်းက ရယ်မောခွင့်အပြည့်အ၀ရထားသူမှာ မမပဲဖြစ်လေရဲ့။

ဖုန်းကောလ်လေးရဲ့နောက်ပိုင်း ကျွန်တော် အများဆုံးခေါ်ဆိုဖြစ်ခဲ့သည်မှာလည်း အဲဒီဂဏန်းကလေးတွေပါပဲ။ခဏခဏဖြတ်ချခဲ့သည်ကတော့ မမကိုယ်တိုင်ပေါ့..။ကျွန်တော်က မမရဲ့ ကွန်ရက်ထဲကို ခေါင်းကလေးဝင်ပါရစေ ၊ ကိုယ်ကလေးဝင်ပါရစေ ၊ နားပူနားဆာလုပ်သူ..။

မမအသံလေးရဲ့ ဟိုမှာဖက်မှာ မခံမရပ်နိုင်အောင် ပူလို့..။


 

၃။

မမဆီမှ ခင်မင်ခွင့်ကို ရသည့်ညက
ကျွန်တော့်ကောင်းကင်၌
ကြယ်ဖြူတစ်လုံး ပိုလင်းခဲ့ရလေသည်။

 

၎။


"အဲ့တုန်းက မမ ကျွန်တော့်ကို Black List ထဲ ဘာလို့မထည့်တာလဲဟင်.."

မမ နှုတ်မှ မည်သည့်စကားသံမျှ ထွက်မလာ။တဂျစ်ဂျစ်မြည်နေသော လေတိုးသံတို့သာ တစ်ချက်တစ်ချက် နားထဲဝင်လာ၏။

လေလှိုင်းထဲက အသံများ ..
သို့တည်းမဟုတ် ..
ကြေးနန်းကြိုးတစ်လျှောက်က တုန်ခါနှုန်းတွေ ..

တိတ်ဆိတ် .. ငြိမ်သက်လို့ ..။



၅။

တမ်းတစိတ်ဆိုသည်မှာ ညကြီးအချိန်မတော် ထငိုတတ်သည့် ကလေးဆိုးလေးနှင့် တူကြောင်း မမကတော့ သိလိမ့်မည်မဟုတ်ပါ။အိပ်မောကျနေခဲ့လျှင်တောင် လန့်လန့်နိုးရသည်အထိ အိပ်ပျက်ညတွေများလာသောအခါ ဖူးမြော်ခွင့်ကို ယင်းထသလို ဆာလောင်တတ်လာတာကိုလည်း မမ သိမည်မဟုတ်။

ငြင်းဆန်သည့်စကားတွေသာ မမနှုတ်မှထွက်လာခဲ့သည်။စိတ်အလိုမကျစွာ "ဟိံဇာလေဟေဟေးလား" ဟု ကျွန်တော်အော်တော့ ဇာတ်ကြောင်းကိုသိပြီးဖြစ်သည့် မမက ရယ်သည်။

"တံငါတို့သည် ကွန်ရွက်တို့ကို ဆွဲကြကုန်၏။" ဟူသောအနက်ကို ပြင်ပါ။
"မမသည် ကျွန်တော့်စိတ်နှလုံးတို့ကို ရယ်သံအက်အက်လေးဖြင့် သိမ်းကြုံးဖမ်းဆီး ချည်နှောင်ညှဉ်းဆဲလေ၏။" ဟူသော အနက်ကိုပေးပါ။ပြီးလျှင် သူရူးလို့ ကျွန်တော့်ကို စွပ်စွဲပါ။ကျွန်တော်ဟာ မမစိတ်နှင့် သန့်စင်နေခဲ့သည့် ရေကြည်တစ်ပေါက်ဖြစ်လေရဲ့..။ မမ စိတ်တိုင်းကျ သွန်ပါ ၊ မှောက်ပါ။ကျေနပ်အားရသည်အထိ သရော်လှောင်ပြောင်ပြီးသောအခါ ရာဇ၀င်ထဲက မင်းသမီးလို တင်းတိမ်နောက်ကွယ်က ထွက်လာခဲ့ပါ။

အဲသည် အသံလှိုင်းတွေရဲ့ နောက်မှ..။

 

၆။
တွင်းထဲက ရေကို
မမစိတ်နဲ့ ငင်တော့
ရေပုံးကလေးထဲ လမင်းကြီး ကပ်ငြိပါလာသတဲ့
ကြယ်စုံတီးဝိုင်းမှာ
မမနာမည်ကို ရွတ်ဖတ်သောအခါ
အဲဒီသံစဉ်တွေကြား
သူတို့တွေ နာဖျားကုန်ရဲ့
မမ..မမ လို့
မြည်ကြွေးတမ်းတရုံနဲ့
ကိုယ့်ကိုယ်ကို ပေါက်ကွဲပွင့်ထွက်ပစ်လိုက်တဲ့
အရိုင်းခေတ်က ဗုံကလေးတစ်လုံးလည်း ရှိခဲ့
ပန်းကလေးတွေ
သူတို့ရနံ့နဲ့သူတို့
ကြိုးဆွဲချသွားတယ်
သက်တံခုံးကြီး ပက်လက်လန်လို့
မမလောက် ဘယ်သူမှ အရောင်မစုံတဲ့အကြောင်း
ဟော့ဒီမှာ..
မမရဲ့ အသံလေးကြောင့်
ကျွန်တော့်နှလုံးအိမ်ထဲဖြစ်ထွန်းခဲ့ရတဲ့
သံဆူးကြိုးခေတ်တွေ..။

 

၇။

မနက်ဖြန်ဟာ ဒီကနေ့ဖြစ်ခဲ့တဲ့အခါ အဲဒီမနက်ဖြန်ဟာ လက်ထဲမှာပဲ မွမွကြေခဲ့ရပါတယ်။

မမရဲ့ ဘယ်ဖက်လက်သူကြွယ်မှာ လာနားမယ့် လိပ်ပြာလေးရဲ့ ပိုင်ရှင်ဟာ ကျွန်တော်ဖြစ်ခွင့်မရှိတော့တဲ့အကြောင်း..ကန့်လန့်ကာနောက်ကွယ်က မမထွက်လာတဲ့နေ့မှာပဲ..နာနာကျင်ကျင် သိခဲ့ရပေါ့။

ကမ်းလာတဲ့လက်တစ်ဖက်ကို ဟန်ဆောင်ပြုံးရင်း ဆွဲယူလှုပ်ယမ်းလိုက်ရပေမယ့် ကျွန်တော့်လက်တွေ တုန်ယင်နေခဲ့တယ်ဆိုတာ အဲဒီလိပ်ပြာလေးရဲ့ ပိုင်ရှင်က မမကို ပြန်ပြောပြသေးလား။ဒါဟာ ကျွန်တော့်အတွက်တော့ အဆုံးစွန်ထိ ကျေပွန်ပေးလိုက်ရတဲ့ ၀တ္တရားပါ မမ..။

အဲဒီနေ့မှ မိုးကသည်းတယ်။တစ်ယောက်တည်း မလုံမခြုံဖြစ်နေတဲ့ ကျွန်တော်ရယ် ၊ ကျွန်တော့်ထီးကလေးရယ် မမဆီကအပြန်မှာပဲ ပြိုင်တူဖျားခဲ့လေရဲ့..။

အဲဒီနေ့ကစပြီး..။ 



၈။
ပေါ့ဆိမ့်တစ်ခွက်သောက်ပြီးတိုင်း
မမအပေါ်အချစ်တိုးလာတာကို
ကင်ဆာလို့ ကျနော်သတ်မှတ်တယ်။
credit - မောင်မြတ်သူ 

 နွေရိပ်
၂၊ ဇူလိုင်၊ နှစ်ထောင့်ဆယ့်လေး

No comments:

Post a Comment

Note: Only a member of this blog may post a comment.