Sunday, October 25, 2015

ငါ့ကောင်းကင်ထက် မမချင်း မိုးမွှန်ခဲ့တဲ့ ရက်တွေ..

ဘုရင်ဧကရာဇ်၏ လက်နက်နိုင်ငံတို့

ဖုန်မှုန်ထဲသို့ ပြိုလဲ ပျက်စီးကြကုန်လျက်

ရာစုနှစ်တို့သည် အရိပ်ထဲသို့

ပျောက်ကွယ်သွားကြသည့်တိုင်

ကျောက်ဖြူသားတို့သည်

"ငါသတိရ၏" ဟု

ကြယ်ပွင့်တို့ကို ပြောပြကြကုန်၏



မြသန်းတင့် ဘာသာပြန်ဆိုသော တဂိုး ကဗျာပေါင်းချုပ်မှ



၁။


မိုးလိုကြွေသော သစ်ရွက်တို့ တဖွဲဖွဲပျော်မြူးရာ ကျောင်းလမ်းကလေး၌ နာမည်တစ်ခုခုရှိပေမည်။ ထိုလမ်းကလေး၏ ဘယ်ဖက်ခြမ်း အလယ်လောက်တွင်ရှိသော ခုံတန်းလျားအပြာကလေးပေါ်သို့ ၀ါကျင့်ရွက်ကြွေတစ်ချို့ တင်ကျန်ရစ်နေသည်ကို အဝေးမှပင် လှမ်းမြင်ရ၏။ ခြေသံတရှပ်ရှပ်တို့ ခုံတန်းလျားကလေးအနားရောက်လာကာ ညနေရီဆည်းဆာ၏ လက်ကျန်အလင်းတို့နှင့်အတူဝင်ထိုင်လိုက်သည်။ လမ်းကလေး၏ ဟိုမှာဖက်ကမ်း ခပ်လှမ်းလှမ်းတွင်တော့ လူသူကင်းရှင်းနေပြီဖြစ်သော စာသင်ဆောင်တစ်ဆောင်..။ မျက်ဝန်းတို့ကို စုံမှိတ်ချလိုက်သည်။ အကြိမ်ကြိမ်အထပ်ထပ် မြင်ခဲ့ဖူးသော ပုံရိပ်တို့ သူ့အလိုလို Big Close Up ရိုက်ပြလေ၏။ တစ်ခုသော စာသင်ခန်း၏ နောက်ဆုံးခုံတန်းရှေ့တွင် တစ်ယောက်သောသူတစ်ဦး ထိုင်နေသည်။ မေဂျာအင်္ကျီကလေးနှင့်..။ လည်တိုင်ကျော့ကျော့ကလေးနှင့်..။ ဆံပင် ဂုတ်ဝဲကလေးနှင့်..။ မျက်ဝန်း ညိုပြာပြာကလေးနှင့်..။



၂။


တစ်ပွင့်သောပန်း၏ ပွင့်ဖတ်များအား တစ်လွှာချင်း ခွာ၍ မြေပေါ် ဖြန့်ကျဲချလိုက်သလို ဆယ်စုနှစ်တစ်စု အသာကလေးကုန်ဆုံးသွားသည်။ ထိုနှစ်များအတွင်း ပုန်းအောင်းမှီခိုစရာ ခန္ဓာမရှိတော့လေသော မွှေးရနံ့တို့ တစ်စုတစ်ဝေးတည်း ကိုယ်ထင်ပြကြ၍ တစ်စုံတစ်ခုသော ဘုံ ကို တောင်းဆိုကုန်၏။ ထိုစဉ်ခဏ ကောင်းကင်တမန်၏ တံပိုးခရာသံ ကြားရလေတော့သည်။


၃။

 
မင်းရယ်သံဟာ

လရောင်ခြည်ပါကွယ်။



လမင်းက မင်းနှလုံးသားထဲမှာ

ဝင်ပုန်းနေတုန်း

သည်လရောင်ဟာ

မင်းနှုတ်ခမ်းပြတင်းဝက

ဖြာကျလာတယ်။



မြသန်းတင့် ဘာသာပြန်ဆိုသော တဂိုး ကဗျာပေါင်းချုပ်မှ



၎။


ရယ်သံကလေးတစ်ခု၏ လှိုင်းအလျားတို့၌ ကိန်း၍နေသော ကမ္ဘာဦးသက်တံ့တစ်စင်းကို နားတို့ စွင့်မထားပါဘဲ မျက်မြင်ကိုယ်တွေ့ ကြားခဲ့ရသည်။ လတ်တလော ငှဲ့ယူထားသည့် ရေနွေးခွက်ကလေးထဲ လက်ဖက်ရိုးကလေး ထ၍ထောင်နေသည်မှာ တိုက်ဆိုင်မှုတစ်ခု ဟုတ်ပုံမရ..။ ဆုံစည်းရခြင်း၌ မည်သည့်ပန်းများ ပွင့်လန်းပါသနည်း။ မိုးသားတိမ်တိုက်တို့ကို ခွဲထွက်ကာ ပျံသန်းဆင်းသက်လာခဲ့သော ထိုအမျိုးသမီးမှာ ငါ၏ မမ ဖြစ်၏။ နှင်းပန်းအဖြူကလေး ပွင့်လန်းလာချေပြီ။



၅။


သူ့နားရွက်ကိုင်းဖျားလေးမှာ

သစ်ရွက်လို တွဲရွဲလေး ပျော်ချင်ပါတယ်

နွေဦးလည်းရောက်ရော

သူက လောကကို ဆက်လျှောက်တဲ့ ပင်စည်

ကိုယ်က သူကျပျောက်တဲ့ နားဆွဲလေးပဲဖြစ်မယ်



မင်းဒီ - သစ်ရွက် မှ



၆။


ကြွေကျမသွားခင်အထိ မမ နားရွက်ကိုင်းဖျားကလေး၌ တွဲလဲခိုကာ ပျော်ရွှင်ခဲ့ဖူးသော သစ်ရွက်ကလေးမှာ ကျွန်တော်ဖြစ်၏။ ကျပျောက် မသွားခင်အထိ မမနှင့် လက်ချင်းချိတ်ကာ ကျောင်းဝန်းနေရာအနှံ့ လျှောက်သွားခဲ့ဖူးသော နားဆွဲကလေးမှာ ကျွန်တော်ဖြစ်၏။ လွင့်ပါ မသွားခင်အထိ မမအား ခိုင်မြဲစွာ ရစ်ပတ်နှောင်တွယ်ခဲ့ဖူးသော စွန်ငယ်ကလေးမှာ ကျွန်တော်ဖြစ်၏။ မမ ခြွေရစ်၍ ကျန်ခဲ့ရလေသည်။ မမ ချဖျောက်၍ ပျောက်ရှရလေသည်။ မမ ဖြတ်တောက်၍ ဝေးခဲ့ရလေသည်။ နွေဦးရောက်ချိန်မှာ ကျွန်တော့်အတွက်တော့ စောလွန်းခဲ့လေ၏။



၇။


သီးခြားကြီး ပြုံးတော်မူသတဲ့
ဇီဇ၀ါပင်လေးရဲ့ အခြားမျက်နှာစာတစ်ခုဆီက
Jazz တေးသွားတွေ
အဲဒီ တာ့တာလေးကို မုန်းတယ်..။



၈။


မြေထုမြေသား၏ ဒဏ်ခံနိုင်အားကို ကျွမ်းကျင်စွာ တွက်ချက်နိုင်သော မမ သည် ကျွန်တော့်နှလုံးသား၏ ဒဏ်ခံနိုင်စွမ်းကို မတိုင်းဆခဲ့။ သတ်စေ အမိန့်ပေးပြီးနောက် မျက်နှာလွှဲတော်မူကာ အတွင်းဆောင်သို့ ၀င်လေသည့် ဧကရီတစ်ပါး၏ ခြေလှမ်းမျိုးဖြင့် မမ ထွက်ခွာသွားခဲ့သည်။ တစ်လှမ်းချင်း ဝေးကွာသွားခဲ့ပြီ ဆိုသည့် အသိသည် ရင်အစုံအား ကျောက်ခက်ဆူးချွန်တို့ဖြင့် တစ်ရစ်ချင်း အမွှန်းခံရသလို ရှတနာကျင်လွန်းစွာ၏။ မမ၏ ဖြူလွနုထွေးသော ခြေဖ၀ါးတို့အား သယ်ပိုးထမ်းရွက်ထားသည့် ကတ္တီပါဖိနပ်နီနီကလေးနောက် စိတ်တို့ ကောက်ကောက်ပါအောင် လိုက်လေသည်။ နှလုံးသား ဆံခြည်တစ်မျှင်သည် တင်းလွန်းရုံမက ပြတ်တောက်ခဲ့လေပြီ..။

လေအဝှေ့မှာ ဖျပ်ဖျပ်ခါလူးနေသော သစ်ရွက်ဝါတို့သည် ငါ၏ နှလုံးသားရွက်ကြွေများပင်ဖြစ်၏။



၉။

Gone, gone forever down the river of no return.
-       Ken Darby & Lionel Newman



၁၀။


ရှိုက်ကြီးတငင် ပျော်ရွှင်ခဲ့ရဖူးသော နေ့ရက်တို့ ရှိခဲ့သည်မှာ မှန်သည်ဆိုသော်လည်း ဟက်ဟက်ပက်ပက် မငိုကြွေးရခင်အထိသာဖြစ်ခဲ့မှန်း မမ ဘယ်သောအခါမှ သိနိုင်လိမ့်မည်မဟုတ်။ မြစ်တစ်မြစ်ထဲသို့ အကြိမ်ပေါင်းသုံးထောင့်ခြောက်ရာငါးဆယ်လောက် အပြန်ပြန်ခုန်ဆင်းခဲ့သော၊ တစ်ခုတည်းသောအိပ်မက်ကို စက္ကန့်ပေါင်း ကုဋေချီ၍ မက်ခဲ့ဖူးသော၊ တစ်ရွက်တည်းသောအရိပ်၌ အကြိမ်ကြိမ်အထပ်ထပ် ပုန်းခိုခဲ့ရသော
နာကျင်မှုမျိုး မရှိပါဘဲနှင့် ကိုယ်ချင်းစာနာသည် ဟု ဆိုသူများအား ဒေါင်းဒင်္ဂါး ဆယ့်ခြောက်ပြား ထုတ်၍ပေးလိုက်ပါမည်။ ပုဆိုးသာ ၀ယ်ဝတ်ကြပါလေ။ ပဏ္ဍိတလို ကျက်မထားပါဘဲနှင့် လာ၍စစ်ကြသော ထိုထို စာမေးပွဲတို့အားလည်း ပဏ္ဍိတ မဖြေလိုတော့ပြီ..။



၁၁။ 


ငရဲ၏ အနက်ရှိုင်းဆုံးအောက်ခြေတစ်နေရာ၌ ငါ၏ မှတ်စုစာအုပ်ကလေးရှိ၏။ ထိုစာအုပ်ကလေး၏ တစ်ခုသောစာမျက်နှာတွင် ရေးမှတ်ထားသော "ရှင်သန်ခြင်းဟာ မမကြောင့်ပဲ ရနံ့မွှေးရခဲ့ရ" ဟူသည့် စာသားနောက်တွင် "အကျိုးပေးမကုန်သေးသရွေ့" ဟု ထပ်မံဖြည့်စွက်ပြီး အဖန်ဖန်သေဆုံးခဲ့ရသည်။ ရှင်သန်ဖို့ရာ သေဆုံးရသည်လား၊ သေဆုံးဖို့ ရှင်သန်ခဲ့သည်လား။ မီးဖြင့်ကွင်းသော ထိုစက်ဝိုင်းအတွင်း၌ ခုန်ပေါက်ပျော်မြူးခဲ့သော သူရူးမှာ ငါ ဖြစ်၏။



၁၂။


တို့နှစ်ယောက်ကြားမှာ

ဟိုတုန်းကမြစ်ဟာ

ဟိုတုန်းက တေးတွေကိုပဲ

ကမ်းနှစ်ဖက်ကို ညည်းပြပြီး

စီးဆင်းသွားခဲ့တယ်။



မြသန်းတင့် ဘာသာပြန်ဆိုသော တဂိုး ကဗျာပေါင်းချုပ်မှ


 
၁၃။


ဟုတ်ယောင်ထင်ခဲ့သော ရွှေရောင်နေ့ရက်တို့ မရှိတော့ပြီ။ မိုးလို ရွာတတ်စွာသော သစ်ပင်သစ်ရွက်တို့ ကြီးစိုးမင်းမူလေသည့် ကျောင်းလမ်းကလေးမှာတော့ ရှိမြဲ..။ လက်ကျန်အလင်းတို့ ကုန်ဆုံးသွားသော်လည်း ရှေ့နားခပ်လှမ်းလှမ်းဆီက စာသင်ခန်းဆောင်လေးမှာ စိတ်ကူးထဲ လင်းမြနေသည်။ မှိတ်ထားဆဲဖြစ်သော မျက်ဝန်းတို့ကို သတိကပ်၍ ပြန်ဖွင့်လိုက်၏။ ကျိန်းစက်ဝေရီနေသော အသိစိတ်တို့သည် မေဂျာအင်္ကျီကလေးဝတ်လျက် လည်တိုင်ကျော့ကျော့ကို ဆန့်လျက် မျက်ဝန်းညိုပြာပြာကလေးများကပါ ပြုံးရယ်နေလေသော တစ်ယောက်သောသူ၏ ပုံရိပ်ကို ဖျောက်ပစ်ခြင်းငှာ မစွမ်းနိုင်။ ဂုတ်ဝဲမကလေးတစ်ယောက်ခမျာ ဆံပင်တွေ ရှည်နေခဲ့ပြီကော..။



နွေရိပ်
၃၀၊ မတ်လ၊ နှစ်ထောင့်ဆယ့်ငါး

No comments:

Post a Comment

Note: Only a member of this blog may post a comment.