ပြန်သွားရမယ့် လိပ်စာကလေး စိတ်ထဲတဖွဖွရွတ်နေရင်း ခလုတ်တိုက်လဲသလိုမျိုး "၀ုန်း" ခနဲ
ငါရောက်ရှိခဲ့ပါတယ်။ အပ်ဖျားထိပ်တွေ ထိခတ်ကြတဲ့အသံမှာ လာခဲ့ရာလမ်း
မမှတ်မိတော့ဘူး။
အလူးအလဲ ထလိုက်တဲ့အခါ ဆိုင်ကလေးတစ်ဆိုင်ရဲ့ စားပွဲတစ်လုံးမှာ
ငါဟာထိုင်လျက်သား။ ငါ
တွေးတယ်..။ ဘာ ဆိုင် လဲ..။ ငါ ထပ်တွေးတယ်..။ ဘာ ဆိုင် လဲ..။
ဒီတော့မှ ငါ့အတွေးနဲ့ ဘာမှမဆိုင်တဲ့
ပန်ကာဟာ ငါ့ခေါင်းပေါ် အခန့်သား လည်စပြုနေကြောင်း သတိထားမိသွားတယ်။
နှစ်ပေါင်းတော်တော်ကြာကြာ သက်ဝင်လှုပ်ရှားခြင်းရှိခဲ့ပုံမရတဲ့ ပန်ကာဟာ သူ့ကိုယ်ပေါ် တွယ်ငြိ
ရှုပ်ထွေးနေတဲ့ ပင့်ကူမျှင်တွေ တစစီပြတ်ထွက်ကုန်အောင် ခါချတယ်။
အရှိန်ရလာတာနဲ့အမျှ ဖုန်တွေ၊ သဲတွေ၊
အမှိုက်သရိုက်တွေဟာ ကြပ်ခဲစေးကပ်နေတဲ့ ငါ့ခေါင်းပေါ် တဖွဲဖွဲကျလာတယ်။
ငါ မောလာတယ်။ ရေပေးပါ လို့
လှမ်းတောင်းလိုက်တော့ ဘေးဝိုင်းက အမျိုးသမီးတစ်ယောက်က ပြုံးထေ့ထေ့
လှမ်းကြည့်တယ်။ သူ့ဆံပင်ကို ဖားလျား ချထားတယ်။
ေ ရ ေ ပ း ပ ါ . .
အသံကို တတ်နိုင်သမျှ ငါ မြှင့်အော်လိုက်တယ်။ တစ်.. နှစ်..
သုံး.. လေး..
ရေတွက်သံတွေ စည်းချက်လို ကြားလာရတယ်။ လက်ခုပ်လက်ဝါးတီးကြတယ်။
ပျော် ကြ ပါ စေ . .
အသာကလေး လစ်ထွက်ဖို့ အထမှာ တံတွေးနဲ့ ၀ိုင်းထွေးကြတယ်..။
တိတ်တိတ်ကလေး
ပြန်ထိုင်လိုက်ရတယ်။ ရယ်မောသံတွေ ရပ်သွား၊ ရေတွက်သံတွေ
ငြိမ်သွား..။ ငါ့ကိုယ်ပေါ် မိုးရေတွေ တစ်စက်ပြီး တစ်စက် ကျလာတယ်။ တဖြောက်ဖြောက်ကျနေတဲ့
ငါ့တစ်ကိုယ်စာ မိုးရေတွေကို ၀ိုင်းလုသောက်ကြပြန်တယ်။ စိုရွှဲနေတဲ့ ငါ့ကိုယ်ကို လျှာကြမ်းကြီးတွေနဲ့
ဝိုင်းလျက်ကြတယ်။ သူတို့အစား
ငါ ပျို့အန်ချင်လာတယ်။ လက်ကာပြပြီး ငါ့တစ်ကိုယ်လုံးကို
စိတ်ကြိုက် ညှစ်ချပေးလိုက်တယ်။
ပျော် ကြ ပါ စေ . .
ဆိုတော့ သူတို့ ငိုကြတယ်။ ငါ တဖြည်းဖြည်းနဲ့ ပျော် လာ တယ်။
ပျော် ကြ ပါ စေ . .
ပျော် ကြ ပါ စေ . .
ပျော် ကြ ပါ စေ . .
လက်ထဲရောက်လာတဲ့ သေနတ်ကို ကျည်ကုန်တဲ့အထိ ခလုတ်ဆွဲပြီး မွှေ့ရမ်းပစ်လိုက်တယ်။ ငါ ပြန်သတိထားမိတဲ့အချိန်မှာ သူတို့နဲ့ ငါ့ကြားမှာ မျက်ရည်စီးကြောင်းကြီး ခြားနေပါပြီ။ လက်ပစ်ကူးလာကြဆဲ
တစ်ချို့ကို လက်ကျန်ကျည်တောင့်တွေနဲ့ တစ်ချက်နှစ်ချက် ပစ်အပြီးမှာ
သွားရမယ့်လမ်းကို ငါပြန်မှတ်မိလာတယ်။ စားပွဲက အထမှာ လည်နေတဲ့ ပန်ကာဟာ ရုတ်ချည်း တိခနဲ
ရပ်သွားတယ်။ ပိတ်ထားတဲ့ ငါ့ဖုန်းစခရင်မ်ဟာ ဖျတ်ခနဲ လင်းလာတယ်။ အချိန်ကိုက်ပဲ..၊ ငါပြေးအထွက်မှာ
ခလုတ်တိုက် လဲမကျဖို့ ဆုမတောင်းခဲ့တော့ဘူး။ ပင့်ကူမျှင်တွေ ပြန်ရစ်ပတ်လာကြပေါ့..။ ပျော်
ရစ် ကြ ပါ စေ .. ။
နွေရိပ်
၃၊ ဖေဖော်ဝါရီ၊ နှစ်ထောင့်ဆယ့်ငါး
No comments:
Post a Comment
Note: Only a member of this blog may post a comment.