Sunday, October 25, 2015

မမ ပျောက်ဆုံးခြင်း


၁။

 
မိုးကား သည်းလေ၏။ သူ့မလုံနိုင် ငါ့မလုံနိုင် ထီးကလေးတစ်ချောင်းအောက်၌ မမ၏ဘယ်ဖက်ပုခုံးစွန်းနှင့် ကျွန်တော့်ညာဖက်ပုခုံးစွန်းတို့တွင် နွေဦးရာသီဖြစ်၍ အခြားပုခုံးစွန်းတို့၌ ပကတိရာသီ။

နှလုံးခုန်သံတိုးတိုးလေးအား ကြားနေရသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေသော မိုးစက်တို့၏အသံ ၀ုန်းဝုန်းဒိုင်းဒိုင်းသည် မမ၏တိုးသဲ့ညင်သာသော ရင်ခုန်သံဖွဖွကလေးကို ကျွန်တော်မကြားစေခြင်းငှာ မတတ်စွမ်းနိုင်။

အို..အချင်းတို့။ ထိုနေ့ကရွာသောမိုး၏ အမည်နာမရှေ့၌ "မဟာ" ဟူသော ဂုဏ်ပုဒ်တပ်၍ခေါ်ပါ။ ထီးကလေးတစ်ချောင်းကို ကောင်းကင်တစ်ခုဟု ဖြန့်၍တွေးတောလိုက်သောအခါ ကျွန်တော့်ကောင်းကင်အောက်၌ မမ၏ဘယ်ဖက်ပုခုံးလေး ခိုနားခဲ့ဖူးခြင်းကို လင်္ကာရှည်တို့ဖြင့် သီကုံးဖွဲ့နွဲ့၍ ကုန်ခမ်းတော့မည်မဟုတ်။

ဤခရီး၌ သံသရာကို ရှည်စေချင်မိသည်။ ယူဇနာတို့ကို ဆန့်ထွက်စေချင်၏။ တစ်နှစ်တာပတ်လုံးကို မိုးရာသီ။ မိုးရာသီပတ်လုံး ကျွန်တော့်ထီးကလေးအောက်၌ မမ..။

"ငါတွေးသည်။ ထို့ကြောင့် မမနှင့်အတူ"

စိတ်ကူးတို့ မည်မျှလှလိုက်ပါသနည်း။ ဒေးကား မှားသည်။ ကျွန်တော် မှန်၏။

မိုးကား ရွာ၍ ကောင်းဆဲ..။

အံ့သြဖွယ်မဟုတ်ပါ။ ထိုမိုးသည်းတို့ကြား၌ပင် အံ့သြဖွယ်ကောင်းစွာ မမ ပျောက်ဆုံးခဲ့လေသည်။




၂။


အဘယ်အကျိုးအပြစ်တို့ကို မြင်တော်မူသည်မသိ..။



မမ၏ မွေးနံဂြိုဟ်တိုင်ကို ကျွန်တော် ရေသပ္ပာယ်၍ ဆုတောင်းချိန်၌ ဗုဒ္ဓပြုံးတော်မူ..။


၃။
 
ပြန်ဆုံပါရစေ လမ်းကျဉ်းလေး၌ မျက်နှာချင်းဆိုင်မှလှမ်းလာသော မမ၏အရိပ်ကို မြင်သည်။ နှစ်ကိုယ်စာမကျယ်သောလမ်းကလေးကို ချဲ့ထွင်ခုတ်မောင်းရမည့်အစား နံဘေးသို့ဆင်းကာ မမ သွားလိုရာလမ်း ရှင်းပေးလိုက်၏။ ဦးတည်ရာကို ပြန်လည်ချိန်ဆသုံးသပ်ရမည့်အစား ကျောခိုင်းပြီးမှ ငဲ့ကြည့်မိပြန်သည်။

လမ်းကလေးမှာ မည်သည့်ပုံသဏ္ဍန်ရှိပါသနည်း။

မမ မျက်ဝန်းမှ အရိပ်အယောင်တို့၏ ပုံသဏ္ဍန်မှာရော မည်သို့ရှိပါသနည်း။

စိတ်အတွင်းသားထဲသို့ နှိုက်ထုတ်ခြစ်ယူလိုက်သောအခါ မမအပြုံးတို့ ပါလာ၏။

တယုတယနမ်းရှိုက်ဖို့ပြင်သောအခါ ငှက်ကလေးအသွင်ပြောင်းသွားသည်။ အတောင်ပံတို့ကို တဖျတ်ဖျတ်ခတ်၍ အဝေးသို့ ပျံသည်။

ငှက်ကလေးကုတ်ခြစ်ခဲ့၍ ကျွန်တော့်လက်ဖ၀ါးမှာ သွေးစို့ကျန်ခဲ့၏။

ပျော်ပါစေ မမ..။
မမ ပျော်ပါစေ..။

ထိုလက်များဖြင့်ပင် ဝှေ့ယမ်းနှုတ်ဆက်ခဲ့ပါသည်။



၎။

နောင်ဘယ်သောအခါမှ ဆုံကြတော့မည်မဟုတ်ဟုသိလာသည့်တစ်နေ့၌ ငိုကြွေးဖို့ရာ မျက်ရည်များကိုမှတ်မှတ်ရရပင် စုဆောင်းသိမ်းဆည်းထားဆဲဖြစ်ကြောင်း မမအားသိစေလိုပါသည်။ သိစေလိုခြင်းသက်သက်သာဖြစ်ကြောင်းကိုလည်း ထပ်မံ၍ပြောပြချင်ပါသေးသည်။

ထိုနေ့ဟု ညွှန်းဆိုသုံးစွဲလိုက်သော ထိုနေ့သို့ ရောက်ရှိလာသောထိုနေ့တွင် ပန်းတို့ မွှေးတမြမြဝေနေပါလိမ့်ဦးမည်ဟု တပ်အပ်သေချာမပြောဝံ့သော်လည်း မမ၏မျက်ဝန်းတို့၌ လွတ်လပ်ပေါ့ပါးစွာသောအပြုံးတို့ ချိတ်ဆွဲခိုကပ်နေမည်ဆိုသည်ကိုဖြင့် တလောကလုံးနှင့် ဖက်ပြိုင်စိန်ခေါ်၍ အတိအလင်းဆိုလိုက်ပါသည်။ မမကား ပေါ့ပါးလွတ်မြောက်လိုသူ။ ကျွန်တော်ဟူသော တုံးအ မိုက်မဲသူမှာတော့ ကိုယ်တိုင်ကိုယ်ကျ ထမ်းပိုးချည်နှောင်ထားသည့် သံယောဇဉ်ဆိုင်းကြိုးတို့ဖြင့် ညွတ်ကျလေးလံဆဲ။

သွားတော့ မမ..၊ ထားရစ်ခဲ့တော့ ဟု ကျွန်တော့်နှုတ်မှမဆိုရသေးခင်မှာပဲ မမ၏ နုထွတ်သွယ်လျသောခြေအစုံတို့ လှမ်းပြီးဖြစ်နေပါလိမ့်မည်။

တိုးအတိတ်ဆိတ်သွားသော ကျွန်တော့်ဆီမှ မည်သည့်နှုတ်ဆက်သံမျှ မကြားရ၍ မမ ငြိုငြင်ကောင်း ငြိုငြင်လိမ့်မည်။

အမေးလက္ခဏာတို့ဖြင့် လည်ပြန်လှည့်ကြည့်ကောင်း ကြည့်လာလိမ့်မည်။ မမ၏မျက်ဝန်းနက်နက်ထဲသို့ စိုက်မကြည့်ရဲ၍ ခေါင်းငုံ့ရှောင်ဖယ်လိုက်သော ကျွန်တော့်အား ပျော့ညံ့သူဟုသတ်မှတ်ကာ လှည့်ထွက်သွားသည့် မမ၏ ခြေသံတို့ကို ဘ၀အဆက်ဆက် သိမ်းဆည်းထားမည်ဆိုသည့်အကြောင်း မမအားမသိစေလိုသဖြင့် မပြောဖြစ်ခဲ့ခြင်းကို မမ သိသွားခဲ့လျှင်လည်း ပျော့ညံ့သူဟု ကျွန်တော့်အား ထပ်မံ၍ ဆိုပါလိမ့်ဦးမည်။

"ပြောတော့ မမ.. ပြောတော့"

ခေါင်းညိတ်နာခံတတ်သော မောင်ငယ်လေးတစ်ယောက်သဖွယ် ကျွန်တော် ဆိတ်ငြိမ်နေပါဦးမည်။

ထပ်မံ၍ ဆိုချင်ပါသေးသည်။

ထိုနေ့ဟု ညွှန်းဆိုသတ်မှတ်ထားသော ထိုနေ့သို့ ရောက်ရှိလာသည့်နေ့တွင် ပန်းတွေ ၀ိုးဝါးထုံမွှေးစွာ ဝေဆာနေလိမ့်မည်ဟု တပ်အပ်သေချာ မပြောဝံ့သော်လည်း ထိုနေ့တွင် မမ ပန်ဖို့ရာ ပန်းတို့ ၀ိုးဝါးထုံမွှေးစွာ တပ်အပ်သေချာ ဝေဆာပွင့်လန်းနေပါလိမ့်ဦးမည်။



၅။

သူရဲကောင်းအာခိလိအကြောင်း မမ ကြားဖူးမည်ထင်သည်။ဖနောင့်နှစ်စုံမှတပါး ခန္ဓာကိုယ်တစ်ခုလုံး ကာယသိဒ္ဓိပြီးသောကြောင့် လှံကွေး၊ ဓားကျိုး မသေမျိုးဟုပင် ထင်ရလောက်သော ထိုသူရဲကောင်း၏ သိဒ္ဓိမပြီးသည့် ဖနောင့်ကိုမှ ကံဆိုးစွာပင် မြားစိုက်ဝင်၍ သေဆုံးခဲ့ရသည်။

မမအား ကျွန်တော် ရိုးရိုးသားသား ၀န်ခံလိုပါသည်။ အာခိလိအကြောင်း ကျွန်တော်ဖတ်မိတော့ သနားစိတ်မဖြစ်ပေါ်မိသည့်အပြင် ဟက်ဟက်ပက်ပက်ကို ရယ်မောလှောင်ပြောင်ခဲ့မိသည်။

ယခု ထိုဝဋ်တို့ လည်လေပြီထင်၏။

မမ ပစ်လွှတ်လိုက်သော မြားတို့သည် သိဒ္ဓိမပြီးသော ကျွန်တော့်ရင်ကိုမှ တည့်တည့်ဝင်စိုက်၏။

နာရီတို့ နောက်ပြန်လည်ကြကုန်သည်။

အတိတ်အကြွင်းအကျန်တို့ကို လှည်းကျင်း ရှင်းထုတ်ရမည်လား၊ စားသုံးနှစ်သိမ့်ရမည်လား။

မမ ပေးခဲ့သော အနာဂတ်သည် အရောင်အဆင်းမဲ့ခဲ့လေ၏။



၆။


တံပိုးခရာတို့ကို တီးမှုတ်ကြလော့..

ကျွန်တော့်အနားသို့ မမ လာလေပြီ

မမလက်ထဲ၌ တပါတည်း

ကိုင်စွဲလာသည့် ထိုအရာအား

ပြတ်ပြတ်ထင်ထင် မမြင်ရသေးခင်အထိ

တံပိုးခရာတို့ကို တီးမှုတ်ပျော်ရွှင်ကြလော့

စစ်သူရဲတို့၏

ချပ်ဝတ်တန်ဆာ အစုံအလင်ဖြင့်

မမ လာချေပြီ..။


 
၇။

ကြည့်ပါ မမ။ ကြည့်စမ်းပါ..။ မမကို ချစ်သည့်စိတ်ဖြင့် ကြယ်ကလေးတွေကို လင်းစေခဲ့ပါသည်။

"ဟိုးမှာကြည့် မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ကြယ်ကလေးက မမကို ပြုံးပြနေတာပေါ့။ နောက်ပြီး အဲဒီကြယ်ကလေးဟာ ကျွန်တော်လည်းဖြစ်တယ်"

ထိုသို့ ကျွန်တော်ဆိုတော့ မမ ပြုံးသည်။ လက်ကလေးတစ်ဖက် နွဲ့ခနဲ လွင့်လာပြီး ကျွန်တော့်လက်မောင်းကို ထိခတ်၍ "အပိုတွေ.." ဟု ပြောတော့၊ အို.. ကျွန်တော့်ရင်ထဲ ထိတ်ထိတ်ပြာပြာ ရှိလိုက်တာ။ မမအတွက် ကျွန်တော်ဟာ အပိုဖြစ်နေခဲ့ပြီလား။

ကြယ်ကလေးတွေကို ကျွန်တော် တအားပဲ မုန်းသွားတော့သည်။ လက်ထဲက မီးအိမ်ကြီးကို ပစ်ချပေါက်ခွဲ သူတို့ကို စိတ်ရှိလက်ရှိ ဆဲ ပစ်လိုက်တာပေါ့။

နံဘေးကိုကြည့်တော့ မမ မရှိတော့ပြန်ဘူး။ ဒီတစ်ခါ မမ ပျောက် ရှာပုံတော်ဖွင့်ရင် ကြယ်ကလေးတွေ ကူညီမှာ မဟုတ်တော့ဘူး မမရဲ့။ သူတို့ စိတ်ဆိုးသွားကြပြီ။ စံပယ်ပန်းရုံတွေနား မမကို လိုက်ရှာသည်။ မတွေ့..။ ကံ့ကော်ပင်ကြီးနောက်မှာ ပုန်းနေသလား၊ ကြည့်ပြန်တော့လည်း မမကို ရှာမရ။ ကျွန်တော့်ကို အဲ့လောက်ကြီး မနောက်ပါနဲ့။ ပုန်းနေရာက ထွက်ခဲ့တော့လေ။

"ပြန်လာပါ မမရဲ့..၊ ပြန်လာပါ"

ထိုင်နေကျ ခုံတန်းလျားလေးနားက ရေတွင်းထဲဟစ်တော့ ရေတွင်းကြီးကလည်း ပြန်လာပါ မမ လို့ လိုက်အော်လို့။ ဟင့်အင်း..။ ရေတွင်းကြီးက လိုက်အော်တာမဟုတ်ဘူး။ ရေတွင်းထဲမှာ လမင်း။ လမင်းပေါ်မှာ မမ။ မမက သိပ်ဆိုးတာပဲ။ သိပ်ဆိုးသည့် မမ..။ ကျွန်တော့်ကို စိတ်ပူအောင် သိပ်လုပ်ချင်သည်။

မမ..အဲ့ရေတွင်းထဲက မြန်မြန်တက်ခဲ့တော့လေ လို့ ကျွန်တော်လှမ်းအော်တော့ မမက ကျွန်တော့်စကားအတိုင်း ထပ်တူလိုက်ပြော၍ ကျွန်တော့်ကို လှောင်ပြောင်ပြန်သည်။

"အဲလိုကြီး မစနဲ့ မမရာ။ မမတက်မလာရင် ကျွန်တော်ဆင်းခဲ့မှာ"

ထိုစကားရပ်ပဲ ကြားရပြန်၏။

"မမ တကယ်တက်မလာဘူးလား..ဒါဆိုကျွန်တော် ဆင်းခဲ့ပြီနော်"

သည်တစ်ခါ.. မမ ပြန်၍ စနောက်သည်ကို ကျွန်တော်နားမထောင်တော့..။ ရေတွင်းဘောင်ပေါ်တက်၍ ရပ်လိုက်သည်။ နောက်တစ်ကြိမ်.. ရေတွင်းထဲငုံ့ကြည့်တော့ မမက ပြုံးပြလာသည်။ လက်တို့ကို ဆန့်တန်းကာ ခေါ်ငင်နေသယောင်။

"ဆင်းလာပြီ မမ.. ကျွန်တော်ဆင်းလာပြီ"

စောစောက လင်းလဲ့ကြည်တောက်နေသော ကောင်းကင်ကို မည်သည့်အရပ်မှ ရောက်လာမှန်းမသိသည့် တိမ်တစ်ချို့ ဖုံးလွှမ်းသွား၏။

ထို့နောက် ၀ုန်းခနဲ အသံတစ်ခု..။

ကောင်းကင်၌ ကြယ်ကလေးတို့ ပြန်လင်းလာသည်။

လမင်းကြီး ပြန်သာလာ၏။

ရေတွင်းထဲ၌တော့ ကွဲအက်သွားခဲ့ပြီဖြစ်သော လရောင်ဖျော့ဖျော့နှင့် ကြယ်စကြယ်နများ..။

ထပ်မံ၍ မမ ပျောက်ဆုံးသွားပြန်သည်။ ခုတစ်ခေါက်၌ လိုက်လံရှာဖွေသူကိုယ်တိုင်ပါ ပျောက်ကွယ်သွားလေတော့၏။

ဘ၀ဆက်တိုင်း..။


နွေရိပ်
ဇူလိုင်၊ နှစ်ထောင့်ဆယ်လေး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.