Sunday, October 25, 2015

အစိမ်းရောင်ချုပ်ရိုးတွေ

နားရှိသောသူမည်သည်ကား ကြားပါစေ.. 


ဗျာဒိတ်ကျမ်း



ငွေရှင်းပြေစာ တစ်ရွက်ကို နှစ်နှင့်ချီ၍ သိမ်းဆည်းထားသော သူရူးတစ်ယောက်အကြောင်း ကြားသိရလျှင် ညနေခင်းလေးတစ်ခုကို မမ ပြန်လည် အမှတ်ရမည်လား ကျွန်တော်မသိ။ ထိုပြေစာရွက်လေးပေါ်၌ နေ့စွဲတစ်ခုရှိသည်။ ထိုပြေစာရွက်လေးပေါ်၌ ချောကလက်ဖျော်ရည်ပူပူ နှစ်ခွက်ရှိသည်။ ထိုပြေစာရွက်ကလေးပေါ်၌ မမ နှင့် ကျွန်တော် အတူတကွရှိခဲ့ဖူးသည်။ ထိုပြေစာရွက်ကလေးသည်ပင် ပစ္စုပ္ပာန်ဖြစ်ခဲ့ပြီး ၊ ထိုပြေစာရွက်ကလေးသည်ပင် အတိတ်ဖြစ်သွားခဲ့သည်။ ထိုပြေစာရွက်ကလေး အနာဂတ် ဖြစ်မလာနိုင်တော့ကြောင်းကိုတော့ မမ ရော ၊ ကျွန်တော်ပါ ထိုစဉ်ကပင် သိရှိခဲ့လေ၏။


ပြေစာကလေး အတွင်းသားထဲ၌ စိမ့်ဝင်ပူးကပ်နေသော နေ့စွဲတစ်ခုကို ပြန်လည်တူးဖော်ကြည့်သောအခါ ဆယ့်သုံးဂဏန်းနှင့် သောကြာနေ့ကို တထိတ်တလန့် ပြန်တွေ့ရ၏။ ထိုနေ့သည်ပင် ကျွန်တော့်မွေးနေ့ဖြစ်သည်။ ထိုနေ့သည်ပင် ကျွန်တော်သေဆုံးခဲ့သော နေ့ တစ်နေ့လည်း ဖြစ်ခဲ့ပေလိမ့်မည်။ ညနေရီတိမ်တစ်ချို့ လှပနေသည်ကို မှတ်မှတ်ထင်ထင် သတိရမိသည်။ တိုက်ခတ်နေခဲ့သည့် လေတို့က ညှင်းသွဲ့သွဲ့..။ ပြေစာကလေးကတော့ မမနှင့် အတူထိုင်ခဲ့ဖူးသော ဆိုင်ကလေးတစ်ဆိုင်၏အမည်ကို ညွှန်းဆိုနေလေ၏။


မှတ်ဉာဏ်တွေကို နောက်ပြန်ရစ်လိုက်သောအခါ မမ နှင့် ကျွန်တော် ဆိုင်ကလေးထဲသို့ နောက်ပြန်ဝင်လာကြသည်။ ကျွန်တော် မှာလိုက်သည့် ချောကလက်ဖျော်ရည်နှစ်ခွက်ကို ဆိုင်ကလေး၏၀န်ထမ်းတစ်ဦးက နောက်ပြန်လာချပေးသည်။ ရှူရှိုက်ရသောလေတို့ တဖန်ပြန်လည် ထုံရီလတ်ဆတ်လာပြန်၏။ ကျွန်တော်တို့ဘေးက ၀ိုင်းတွင် တစ်ဦးတစ်ယောက်မျှမရှိ။ တိတ်ဆိတ်နေသော ဆိုင်ကလေးတွင် ခံစားချက်တို့က တိတ်ဆိတ်မနေပါ။ မမ က အရင် ပြုံးပြသည်လား ၊ ကျွန်တော်က စ၍ ပြုံးလိုက်သည်လား မမှတ်မိတော့ပေမဲ့ နှစ်ဦးစလုံး ပြုံးဖြစ်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။


Happy Birthday ဟု မမ က ဆိုသည်။ ထို့နောက် သပ်ရပ်လှပသည့် ဘူးကလေးတစ်ခုနှင့်ထည့်ထားသော ဘောလ်ပင်တစ်ချောင်း လက်ဆောင်ပေးသည်။ ကျွန်တော်က လွယ်အိတ်ကလေးထဲမှ စာအုပ်တစ်အုပ်ထုတ်၍ လက်ဆောင်ပြန်ပေးလိုက်သောအခါ ကျေးဇူး ဟု တီးတိုးဆိုပြီး မမ က ပြုံးပြလေသည်။ နှစ်ခါရှိသွားပြီ ဟု ကျွန်တော် စိတ်ထဲက တိတ်တိတ်ကလေး လိုက်မှတ်ထားလိုက်၏။  တစ်နေ့တာအတွင်း မမ ဘယ်နှစ်ခါလောက် ပြုံးတတ်ပါသလဲ..။ မမ အပြုံးတွေကို ကျွန်တော့်ဆီ ခွဲဝေပေးခဲ့သည့် ထိုနေ့ကလေးအား အကြီးအကျယ် ကျေးဇူးစကားဆိုချင်ပါသည်။


ပြေစာကလေးက အတိအကျ တိုက်ရိုက် မညွှန်းဆိုနိုင်သော အရာများ ကျွန်တော့်နှလုံးသားသိုလှောင်ရုံထဲတွင် အပြည့်အသိပ်ရှိသည့်အထဲ မမ အပြုံးတို့ပါဝင်သလို၊ မမ ပေးခဲ့သည့် အပြာရောင်ဘောလ်ပင်လေးလည်း ပါဝင်ပါသည်။ အပြာရောင်သည် မည်သည့်အဓိပ္ပာယ်ကို ကိုယ်စားပြုပါသနည်း။ မမ ပေးခဲ့သော ဘောလ်ပင်အပြာရောင်လေးသည် သစ္စာကို ညွှန်းဆိုသည်လည်းမဟုတ်၊ ချစ်ခြင်းကို ရည်ညွှန်းသည်လည်းမဟုတ်။ မမ၏ အပြာရောင်ဖွင့်ဆိုချက်တို့သည် ငြိမ်းချမ်းစေလိုခြင်းသက်သက်သာ ဖြစ်ခဲ့မှန်း မျက်ဝန်းတို့က ဖော်ပြနေလေသည်။ မမ က ကျွန်တော့်ကို ကြည်လင်စေလိုသည်၊ ရွှင်ပြစေလိုသည်။ ချမ်းမြေ့စေလိုသည်။ မမ က ကျွန်တော့်ကို မပူလောင်စေလို..။


မိုက်မဲသူ ကျွန်တော်ကတော့ မကြည်လင်၊ မရွှင်ပြ၊ မချမ်းမြေ့ဘဲ အပြန်လမ်းတလျှောက် ပူလောင်ခဲ့လေသည်။ 


***


အချိန်တို့ ကြာမြင့်လွန်းခဲ့ပါပြီ။ ယခုတော့.. မမ ဘယ်ဆီဘယ်ဝယ်၌ ရှိနေမှန်း ကျွန်တော်မသိတော့ပါ။ မမနှင့် နောက်တစ်ကြိမ် ပြန်ဆုံဖြစ်ကြမည်လားဆိုတာကိုလည်း ကျွန်တော်မသိတော့ပါ။ မမ၏ ဖုန်းနံပါတ်ကလေးကိုလည်း ကျွန်တော်မမှတ်မိတော့ပါ။ သို့ပေမဲ့ မမ ပေးခဲ့သော ဘောလ်ပင်အပြာရောင်လေးကတော့ စာရေးစားပွဲပေါ်မှာ ရှိမြဲတိုင်းရှိနေသည်။ ဘူးကလေးထဲ၌ ငြိမ်သက်မြဲ ငြိမ်သက်နေ၏။ မသုံးရက်၍ ထုတ်ယူကိုင်တွယ်ခြင်းပင် မပြုသော ဘောလ်ပင်ကလေး၌ မမ၏ အငွေ့အသက်တို့ ရှိကောင်းရှိနိုင်ပေလိမ့်မည်။ ထိုဘောလ်ပင်လေးကို "Sleeping Beauty" ဟု နာမည်ပေးထား၏။ ခြွေလိုက်သောအနမ်းတွေကြောင့် နိုးထလာမည့် အရာသည် သတိရခြင်းများသာဖြစ်ပါလိမ့်မည်။


"သတိရခြင်းများသည် နာကျင်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဆိုလျှင် ကျွန်တော်သတိမရဘဲနေပါမည်" ဟု ဆရာနေမျိုး ရေးခဲ့ဖူးသည်။ ကျွန်တော် မနာကျင်လိုပါ။ ဘောလ်ပင်ကလေးကို ယွန်းသေတ္တာလေးတစ်လုံးထဲ၌ သော့ခတ်သိမ်းဆည်းပြီး ကျွန်တော့်မျက်ကွယ်ရာတွင် ထားလိုက်သည်။ ထိုသေတ္တာကလေးကို ပန်ဒိုရာ ဟု အမည်တပ်လိုက်၏။


ထို့နောက်..ကျန်ရှိနေသေးသော သော့တံကလေးနှင့် ပြေစာ စာရွက်လေးတို့ နှစ်ခုအနက်မှ စာရွက်လေးကို ဖြဲဆုတ်လိုက်သောအခါ အငွေ့တထောင်းထောင်းထနေသော ချောကလက်ဖျော်ရည်ပူတို့ ကျွန်တော့်နှလုံးသားပေါ် ဖိတ်စင်စီးကျကုန်၏။


ကျွန်တော့်နှုတ်မှ နောက်ထပ် မနာကျင်ရတော့ဘူး..နောက်ထပ်မနာကျင်ရတော့ဘူး ဟု ယုံကြည်မှုကင်းမဲ့စွာ ဖွဖွရွတ်မိသည်ထင်၏။ ညွှတ်ခွေ ယိုင်လဲချင်လာသော ခြေအစုံတို့ကြောင့် စာရေးစားပွဲကို လှမ်းကိုင် အားပြုလိုက်တော့ သော့တံကလေးကို လက်ဖြင့် ဖိမိသည်။ သော့တံကလေးက အေးစက်နေလေ၏။ ထိုသော့တံကလေးကို ရေတွင်းတစ်တွင်းဆီ ယူဆောင်၍ နောက်ဆုံးအနေဖြင့် နမ်းရှုံ့နှုတ်ဆက်လိုက်ကာ ရေတွင်းထဲ ပစ်ချစီရင်ပြီး ရေထဲသို့ သော့တံကျသွားသည့်အသံမကြားရသေးခင်မှာပဲ လှည့်ထွက်လာခဲ့၏။



သော့တံကလေးကို
တစ်စုံတစ်ယောက်ဆယ်ယူ

တူးဖော်မိသောအခါ

ငါ၏ ဆုတောင်းကို

ကြားရအံ့။



ထိုအခါ

ငါ၏ အနမ်းသည်

အသက်ဝင်၍

အိပ်ပျော်နေသော

ဘောလ်ပင်ကလေး

တဖန်

ပြန်လည်နိုးထခြင်းသည်

ဧကန်ဖြစ်ပါစေသတည်း။



အနမ်းဖြင့် နိုးထသော သတိရခြင်းများကြောင့် အလွမ်းတို့ဖြင့် အဖန်ဖန်သေဆုံးရခြင်းသည် ငါ၏ကိုယ်၌ဖြစ်စေ..။ ဤသည်ပင်လျှင် မမအပေါ်၌ ငါ၏အစွမ်းရှိသမျှ ချစ်မြတ်ခဲ့ခြင်း ဖြစ်သတေး..။



နွေရိပ်
သုံး၊ ဒီဇင်ဘာ၊ နှစ်ထောင့်ဆယ့်လေး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.