"တချို့နာကျင်မှုတွေဆိုတာ
စကားလုံးနဲ့ဖော်ပြရုံသက်သက်
မလုံလောက်ဘူးမဟုတ်လား ညီမလေးရယ်"
ဆိုနင့်နေတဲ့ အသံပိုင်ရှင်မှာ ကျနော်ဖြစ်ပြီး၊ ထိုဆိုနင့်နေသော အသံတို့ကို အတွေးထဲမှာပဲ
သိမ်းဆည်းလိုက်သော
ဆွံ့အ,ရူးမိုက်သူမှာလည်း
ကျနော်ပင်ဖြစ်သည်။
ညီမလေး၏ အပြုံးတို့ကို ကျနော့် ညစ်ထေးနောက်ကျိနေသည့် ခံစားချက်ရွှံ့ဗွက်အိုင်ထဲ ပြုတ်ကျညစ်ထိုင်းမသွားစေလိုခြင်းမှာ ကျနော်၏ မှန်သောသစ္စာပင်ဖြစ်ပါသည်။ မှန်သောသစ္စာဟုဆိုပါလျှင် မှားသောသစ္စာသည် ရှိပါ၏လော ဟူသည့်
အမေးစကားတို့ကို
ဆိတ်ဆိတ်နေခြင်းဖြင့်သာ
ကျနော်တုံ့ပြန်ပါမည်။
ကျနော့်ဆိတ်ငြိမ်မှုသည် ညီမလေး၏
ပျော်ရွှင်ခေါင်းလောင်းကလေးအား
တလွင်လွင်မြည်စေမည့်
အပံ့အပိုးဖြစ်စေမည်ဆိုပါလျှင်
ထိုတိတ်ဆိတ်မှုမှ ပေါက်ဖွားလာသော
တည်ကြည်မှုအုတ်ချပ်တို့ဖြင့်
ကျနော့်ချစ်မြတ်ခြင်းပြသာဒ်ကလေးကိုပင် ကွယ်အောင် တံတိုင်းတခု ဆောက်၍
လုံးဝဆိတ်သုဉ်းလိုက်ပါမည်။
"ညီမလေး ပျော်နေဖို့ပဲလိုတာပါ ကလေးရာ၊ အကို့ချမ်းမြေ့မှုဟာ ညီမလေးမျက်နှာပေါ်က အလင်းအချင်း၊ အညို့အမှိုင်းတွေအပေါ် တည်တာ"
ထိုစကားတို့ကိုလည်း
အသံထွက်၍ ပြောလိုက်မိသလား မသိ။
မှတ်မှတ်ရရ ရှိနေသည်ကတော့ ကန်ရေပြင်၌ ပွက်သော ငါးကလေးတို့ကို ငေးနေရာမှ လှည့်လာ
ငဲ့ကြည့်ခဲ့သော ညီမလေး၏ မျက်နှာကလေး။ သုန်သုန်မှုန်မှုန် ဆိုပေမဲ့ ပြုံးနေသည်လား၊
ကြည်ကြည်လင်လင်ဆိုပေမဲ့
ညှိုးနေသည်လား။ ကျနော် ဖမ်းမရနိုင်သော အလင်းထဲ ညီမလေး၏ မျက်နှာထားကလေး ထိပ်ဆုံးက
ပါပါသည်။ ကုန်ကုန်ပြောရလျှင်
ညီမလေးဆီမှ ဖြာထွက်သည့် အလင်းအစက်အပြောက်များစွာရှိသည့်အနက် ကျနော်ဖမ်းမရနိုင်သော အလွင့်အဝဲထဲ ထိုသို့ သေလောက်အောင်
စွဲမက်ဖို့ကောင်းသည့်
မျက်နှာထားကလေးမှမဟုတ်ပါ။
ညီမလေးနှင့် ပတ်သက်လာလျှင် ကျနော်ဆိုသည့်ကောင်မှာ ညီမလေးဆိုသည့် နာမည်ကလေးမှစ၍ အရာရာကို
လွှတ်ချခဲ့ရပါသည်။
ကာလယန္တရားတခုဆောက်လုပ်ပြီးစီးသောအခါ ဘုရားပွင့်သောခေတ်သို့ ရောက်အောင်သွားမည်။ မုန်ညင်းစေ့တို့ကို ရအောင်ရှာနိုင်သည်ထားဦး။ ရင်၌ ပွေ့၍ မလွတ်တမ်း
ဆုပ်ကိုင်ထိုးစိုက်ထားသော
မှတ်ဉာဏ်အသေတို့မှာ
ပြန်လည်ရှင်သန်မလာနိုင်တော့။
ပုံပြင်ကလေးတွေထဲ
ယုတ္တိဗေဒကို ကျော်လွန်၍ အကြိမ်ကြိမ်ပြန်ရှင်နိုင်သည်ဟု တစွန်းတစ ကြားမိသောအခါ
ခေါင်းကလေးတိုးပါရစေဟု ပြောကာ
ဝင်သွားသော ဆွေးမြေ့သူ ကုလားအုတ်အိုကြီးမှာ ကျနော်ပင်ဖြစ်ပါသည်။ ကျနော်ဝင်လိုက်သော တဲကလေးမှာ တဒင်္ဂချင်း ပြိုသည်။
ကျနော်နင်းလိုက်သော မြေမှာ
တမဟုတ်ချင်း နိမ့်လေ၏။ ကျနော်နမ်းရှိုက်သော ပန်းတို့ အဆိပ်သင့်
ငိုကြွေးသံများ။
ပြန်ရှင်နိုင်သော
ပုံပြင်ကလေးထဲမှာပဲ
နောက်တခေါက်ထပ်သေ၍
မှတ်ဉာဏ်စက္ကူကလေးအား
မစွန်းမပေအောင် ခံစစ်ဖြင့်ဆုတ်ခွာခဲ့ရသူမှာလည်း ကျနော်ပင်ဖြစ်ပါသည်။ နိမ့်ရာသို့သာ အမြဲစီးသော နာကျင်မြစ်များ။
ထိုသို့ အတွေးထဲ တကိုယ်တည်း နစ်မြုပ်မွန်းပိတ်နေသည့်အခိုက် "ပြန်ကြရအောင်လေ" ဟူသော ဓားသွေးသံကလေးကို အနီးကပ်ကြား၏။ အဝေးကြီးမှ ပြေးလာရသူ၏
မောဟိုက်နွမ်းနယ်မှုမျိုးဖြင့်
ကျနော် ခေါင်းကို ညွှတ်ပေးလိုက်ပါသည်။ နွမ်းဖျော့ပေမဲ့ ကြည်လင်သော အပြုံးတို့ဖြင့် အတတ်နိုင်ဆုံး ပြုံးပြဖြစ်၏။
နောက်ဆုံးအနေဖြင့် ညီမလေးအတွက်
ကျနော်ပန်ဆင်ပေးနိုင်သည်မှာ
ထိုကြည်လင်မှုကလေးမျှသာ ဖြစ်ပါသည်။
လေတချက်ဝေ့၍ ဆံစကလေး လွင့်လာသည်။ ခွဲကြမည့်လမ်းမှာ အမှတ်အသားတခုအဖြစ် ကျနော့် မျက်ရည်စကလေး
စိမ့်ဝင်စေခဲ့သော မြေသားတို့
ဖျတ်ဖျတ်လူးသံများ။
လက်မပြရသေးခင်မှာပဲ
နေဝင်နှင့်ပါသည်။
"ညီမလေး မရှိတော့တာနဲ့ အမှောင်ဟာ ချက်ချင်းကို
ရောက်လာတော့တာ.."
ယုတ်ကန်းလွန်းသောလေတို့မှာ ထိုစကားရပ်ကလေးကိုမျှ ညီမလေးကို ကြားခွင့်မပေး။
လွှင့်ထုတ်ပုတ်ခါ၍ ကျနော့်ဆီ တဟုန်ထိုး
ပြန်ဝင်စေ၏။
ကျနော်ကြဲလိုက်သည်မှာ
ပန်းမှုန်ကလေး။ တန်ပြန်လာစိုက်သော
မြားမှာ အဆိပ်တို့ လူးထားပါစေဟု ဆုတောင်းကလေးတော့ ကျနော့် ရင်ဝသို့ အရောက်တွင် ပြည့်မည်ဟု
ယုံကြည်စုံမှိတ်ခဲ့မိပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.