Sunday, January 7, 2018

ညီမလေးသို့ (၄)

"ကြယ်တွေကြွေတဲ့အခါ သူတို့ ဘယ်ဘဝမှာ ဝင်စားကြသလဲ မသိဘူးနော်"

ဟိုးအဝေး ကောင်းကင်အနက်ထည်ပေါ်က တလက်လက်ကြယ်တွေကို တွေတွေကလေးငေးနေသော ညီမလေး၏ အမေးစကားတို့ ဆောင်းလေနှင့်အတူ အေးခနဲ လွင့်လာသည်။

“ဟင်းကောင်းတဲ့အိမ် ဝင်စားမှာပေါ့" ဟု ခပ်ရွှတ်ရွှတ်ပြောပြီး ကျနော် တဟားဟား ရယ်တော့ ညီမလေး၏ မျက်စောင်းသေနတ်ကလေး ဒိုင်းခနဲ ထပွင့်သည်။ အဲဒီမျက်စောင်းကလေးကို ကျနော် မည်မျှချစ်သည့်အကြောင်း ညီမလေး မသိပေမဲ့ ကြယ်ကလေးတွေအကြောင်းကိုဖြင့် ကြားချင်ရှာလိမ့်မည်။ မြင်ရပေမဲ့ မရှိတော့သည့် ကြယ်ကလေးတွေ၊ အလင်း၏ တစက္ကန့်သွားနှုန်းများ၊ ရောက်ရှိကျရောက်နိုင်သည့် ခန့်မှန်းကြာချိန် စသည်ဖြင့် ညီမလေးနှင့် ကျနော့်ကြားတွင် အချက်အလက်မဆန်လိုပါ။ ရူပဗေဒသဘောတရားတွေကို မေ့ထားလိုက်သောအခါ ခံစားချက်ရေအိုင်ကလေးထဲမှ ရွှေငါးကလေး ထပွက်သံကို အတိုင်းသား ကြားရ၏။ ထိုဂီတကို စကြဝဠာဗုံတီးသံကလေးဟု ကျနော် အမည်တပ်ပါသည်။

“ဒီလို.. ကလေးရဲ့..”

ညီမလေး၏ မျက်ဝန်းစူပုပ်ကလေးထဲ အသေအချာကို စိုက်ငေးကာ ကျနော့်စကားကို စလိုက်သည်။
“လူတယောက်စီမှာ ပုလင်းကလေးတလုံးစီနဲ့ ကြယ်ကလေး တပွင့်စီ ရှိတယ်လို့ ဆိုပါစို့။ ညီမလေးသိလား.."

"ဟင်.."

စကားကို ချက်ချင်းမဆက်ပဲ ရပ်လိုက်တော့ ညီမလေးထံမှ သိလိုရိပ်သန်းနေသော အကြည့်ဝိုင်းကလေး ကျနော်အပိုင်ရလိုက်သည်။ အဲဒီမျက်ဝန်းကလေးကို အပြုံးဖြင့် ခွန်းတုံ့ပြန်၍ ကျနော့် ပြောလက်စ စကားကို ဆက်ပါသည်။

"ဒီလိုကွာ.. ဟိုး..က ကြယ်ကလေးကို ညီမလေးတွေ့တယ်ဟုတ်၊ အဲဒီကြယ်က အကို့ရဲ့ ကြယ်ကလေးပဲ ထားပါတော့.. အကို့ကြယ်ကလေး ကြွေကျတဲ့အခါ ညီမလေးနှလုံးအိမ်ထဲက ပုလင်းကလေးထဲ ဝင်စားမှာ.."

စကားအဆုံးမှာ ကျနော့်ကို စိုက်ကြည့်ရင်း တွေတွေကလေးဖြစ်သွားသော ညီမလေး၏မျက်ဝန်းတို့ကို မော့မကြည့်ရပါပဲ ခံစားသိဖြင့် ကျနော်မြင်ရ၏။ သက်ပြင်းချသံသဲ့သဲ့ကလေး ထပ်ကြားရပြန်သည်။ အကြည့်ကို ပြန်ရုပ်ပြီး ကောင်းကင်အနက်သားထဲ အတွေးတို့ သိမ်းဆည်းလိုက်သော ညီမလေး၏ ချာခနဲ ဦးခေါင်းကလေး မျက်လုံးထောင့်စွန်းမှ ရိပ်ခနဲ မြင်လိုက်ရ၏။ မည်းနက် ပြာလက်သော ဟိုးအဝေးကောင်းကင်မှာ ကြယ်ကလေးတွေ ရှိမြဲရှိနေပါသည်။

"ညီမလေးရဲ့ ကြယ်ကောင်ကလေး ကြွေတဲ့အခါကောဟင်" လို့ ကျနော့်ပုလင်းကလေးကို ဖွင့်ထားပေမဲ့ ကျနော် မမေးဖြစ်တော့။

ညီမလေးနှင့်အတူ ကောင်းကင်နက်နက်ထဲ လိုက်ပါ ငေးမောရင်း ညီမလေး၏ ကြယ်ကို စိတ်မှတ်ဖြင့် ရှာဖွေမိပါသည်။ အဲဒီကြယ်ကလေး၏ တစက္ကန့်သွားနှုန်းများ၊ ညီမလေး ခုန်ဆင်းမည့် လားရာပုလင်းကလေး

ကြယ်တွေမှာ ရနံ့တချို့ ရှိခဲ့သည်ဟုဆိုပါလျှင် ကျနော့်ပုလင်းကလေးထဲ ရနံ့အလွတ်ကလေးဖြင့်သာ အေးစိမ့်ထုံသင်းနေပါလိမ့်မည်။

ဟိုးအဝေးကောင်းကင်နက်ထဲမှာတော့ ကျနော့်မျက်ရည်တို့မှတဆင့် ဝင်စားခဲ့ပြီဖြစ်သော ကြယ်ရောင်အစအနတွေ။ တလက်လက်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.