Sunday, January 7, 2018

ညီမလေးသို့ (၆)

"ညီမလေး အကို့ကိုရွတ်ပြတဲ့ ကဗျာလေးကို မှတ်မိလား"

ကျနော့်အမေးကို ညီမလေးမဖြေ။ ဆံနွယ်တွေကြား မျက်နှာကလေးဖွက်၍ အံကို တင်းတင်းကြိတ်ထားသည်။

"ဇာတ်လမ်းကို အဆုံးသတ်ဖို့ထက် ဇာတ်လမ်းကို စရတာ ခက်တယ်" တဲ့လား ညီမလေးရယ်။

အစပြုခဲ့သော ဇာတ်လမ်းကလေးကို မျှော်ကြည့်နေတုန်းမှာပဲ အဆုံးသတ်ခြင်းက ဆောင်းလေးအေးတွေလို ဘေးပတ်ပတ်လည်သို့ လွယ်ကူစွာ ဝင်ရောက်လာလေသည်။ ချွန်မြတိရှသော လက်သည်းဆူးချွန်တို့ဖြင့် ထိုးခွဲကုတ်ခြစ်လိုက်သောအခါ ပွက်ပွက်အန်သော နှင်းမှုန်ဖွဲဖွဲများ။

"သွေးဖြူဖြူတွေပါ ညီမလေးရယ်၊ ချစ်မြတ်ခဲ့ခြင်း ဖြူလွလွတွေပါ"

စိတ်ထဲမှ စကားတို့ကို နှလုံးသားချန်နယ်လ်ကလေး အတိအကျဖွင့်နားထောင်မှ ကြားရမည်မှန်းသိသိနှင့် စိတ်ထဲ၌သာ ပြန်လည်သိမ်းဆည်း၍ MHz မတူသော ညီမလေးကို မှုန်မှုန်ရီရီ ငေးကြည့်နေလိုက်သည်။ အိုအောင်မင်းအောင်ဟု ကျနော်ပြောလိုက်တိုင်း ဝေးကြရအောင် ဟု လိုက်လံနောက်ပြောင်တတ်သည့် ညီမကလေး။ တကယ်တမ်းဝေးကြရပြီဆိုသောအခါမှာလည်း တည်ငြိမ်သူညီမလေးပဲ ဖြစ်နေခဲ့ခြင်းမှာ အံ့သြဖွယ်မဟုတ်တော့။

ပုခုံးကလေးကို ကိုင်၍ ဆွဲထူမှ မော့လာသည့် ညီမလေး၏ မျက်ဝန်းထဲ မည်သည့်အရိပ်အယောင်ကိုမှ ဖမ်းဆုပ်၍မရ။ ပေါ့ပါးခြင်းကိုသာ တွေ့နေရသည်။ လွတ်ပြီကျွတ်ပြီဆိုသည့် မျက်သားကြည်ကြည်။ ကောင်းကင်သို့ ညီမလေး တဟုန်ထိုးပျံတက်ထွက်ခွာသွားသောအခါ ဟိုးအမြင့်မှ တရှိန်ထိုး ပြတ်ကျလာသော သစ်ရွက်ကြေမွကလေးမှာ ကျနော်ပဲဖြစ်ပါလိမ့်မည်။ ဒဏ်ရာအကြောင်းမေ့ထားလည်း သွေးခဏခဏထွက်နေခဲ့သော နီရဲဆွေးမြေ့နေသည့် စမ်းချောင်းကလေးမှာ ကျနော်ပဲ ဖြစ်ပါလိမ့်မည်။ ညီမလေးကိုယ်တိုင် ပန်းလှေကလေးမျှောခဲ့သော စမ်းချောင်းဆွေးမြေ့ကလေး။
အခုတော့ဖြင့် ဝဲဂယက်တို့နှင့် လှုပ်ခါအသက်ငင်နေလေသော ချုပ်ငြိမ်းခါနီးမီးစာလို ညနေရီတွေပေါ့။
ကျနော်ထုတ်လွှင့်နေသည့် လှိုင်းတို့ကို ညီမလေး မကြားနိုင်၊ သို့မဟုတ် မကြားလို။ ပျံသွားထွက်ခွာဖို့သာ ပြင်နေလေသော ခြေလှမ်းကလေး။

ဘယ်ဘဝကတည်းက ဝေးခဲ့တာလဲ မတွေးရဲလောက်အောင် မှုန်ပြလွန်းသည့် အစက်ကလေး။ လေဆာပွိုင့်အနီစက်ကလေးကို လိုက်ဖမ်းရူးသွပ်သူ ကြောင်ငယ်ကလေးမှာ ကျနော်ဖြစ်သည်ဟုဆိုပါလျှင် ကပ်ချွဲပွတ်သပ်စရာ ညီမလေး မရှိတော့။ မထင်မှတ်ထားသည့် အချိန်မှာ ပျောက်သွားခဲ့သော ဆုံစည်းခဲ့ခြင်း ထိုအစက်အပြောက်ကလေးကို နင့်နင့်နဲနဲ လွမ်းဆွတ်ရင်း ကျန်နေခဲ့သည့် ကြောင်ကလေးတကောင် ရှိခဲ့ကြောင်း ညီမလေး မသိနိုင်တော့။
ခြေသံတို့ အဝေးကြီး ရောက်သွားသောအခါ နီးစပ်ထိကပ်လာသည့်အရာမှာ နာကျင်ရခြင်းဓားဦးချွန်တို့သာ ဖြစ်ပါသည်။ ပန်းဟု အော်ခေါ်လည်း ဆူးချက်တို့သာ ရခဲ့ရပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.