Sunday, January 7, 2018

ညီမလေးသို့ (၇)

၁။
နှင်းတောထဲမှ ပြေးထွက်ခဲ့ပေမဲ့ နှင်းတောထဲပဲ တဝဲဝဲလည်နေသည်။ မောဟိုက်ပင်ပန်းနေပေမဲ့ အေးမြသော အငွေ့အသက်တို့ ခံစားမိနေသည်ကို ထောက်၍ ထိုနှင်းတောထဲ ပိတ်မိနေခြင်းကိုပဲ စိတ်၏အတွင်းထောင့်တနေရာရာမှ စွဲလန်းနေမိကြောင်း သတိပြုမိသည့်ခဏ သူ ပြုံးဖြစ်သွား၏။ အပြုံးနှင့်တဆက်တည်း ခေါင်းကို ယမ်းမိပြန်သည်။ ထွက်ပြေးခြင်းဟာ မှန်ကန်သည့်အဖြေမဟုတ်မှန်း သိပါရဲ့နှင့် သူပြေးထွက်ရှောင်လွှဲခဲ့သည်မှာ မည်မျှကြာမြင့်နေပြီနည်း။ စိတ်နှလုံးတို့ကို ဒုန်းချကာ နှင်းမြေဖွထဲ စိတ်ပစ်လက်ပစ်ထိုင်ချလိုက်၏။
အေးသောလေတို့ စိမ့်ခနဲအဝေ့မှာ အဝေးမှ ဂစ်တာသံသဲ့သဲ့ လွင့်လာလေသည်။

၂။
ဂစ်တာသံနောက်မှ ရင်းရင်းနှီးနှီးကို ကြားဖူးသည်ဟု ထင်ရသည့် လေသံကလေး။ ကမ္ဘာတည်စ၌ စပွင့်ခဲ့သော ပန်းပွင့်ကလေး၏ နွဲ့ယိမ်းရာမှ ပျံ့လွင့်လာသည့် လင်းမြသံကလေး။
သူ့နှလုံးအိမ်တံခါးကလေး ဆတ်ခနဲ ပွင့်သွား၏။ မှတ်ဉာဏ်ပုံးကလေး ဖျတ်ခနဲ ဟ သွား၏။ ဆွေးရီမျက်ဝန်းတို့ တောက်တောက်ကြည်လေသည်။

၃။
ပြန်လာမှာလား
ရွက်စိမ်းပါးလေး
တခြားကမ္ဘာ
လွင့်မပါလို
စိုစွတ်မျက်ရည်
လွမ်းတာရှည်ခဲ့။

၎။
ကဗျာတပိုင်းတစကို ဖွဖွရွတ်ရင်း ဂစ်တာသံကလေးဆီ စိတ်တို့ ရွေ့ပါသွားသည်။ စိတ်၏ဆောင်ရာ ဖျော့တော့ခန္ဓာတို့ အိပ်မက်ယောင်သူလို တရွတ်တိုက်ပါလေ၏။ ဆုံစည်းရခြင်းလား၊ တဖန် ဆုံစည်းရခြင်းလား။

၅။
ဖိနပ်အဖြူကလေး၊ ဂစ်တာတလက်။ ခုနက လေသံပိုင်ရှင်ကလေးကိုတော့ မတွေ့ရ။ တဖွဲဖွဲကျနေသော နှင်းမှုန်လောကသည် ဖြူဆွတ်ဝေရီနေလေသည်။ ပကတိမျက်ဝန်းတို့ဖြင့် မြင်နိုင်စွမ်းအတိုင်းအတာတို့ ကန့်သတ်ခံထားရသည်။ မျက်လုံးကို စုံမှိတ်လိုက်၏။ ဘယ်ဖက်ရင်အုံပေါ် ညာလက်ကလေး ဖြည်းညှင်းစွာတင်၍ စိတ်မှတ်ဖြင့် လှမ်းပါသည်။

၆။
ရေစက်တွေဆိုတာ သိပ်အံ့သြဖို့ကောင်းတာ
တခြမ်းစီကွဲသွားလည်း
ပြန်ဆုံစည်းကြတဲ့အခါ
တသားတည်းကမ္ဘာ။

၇။
အသက်ကို ဖြည်းစွာ ရှူသွင်း၍ မျက်လုံးကို ဖြည်းစွာဖွင့်သည်။ ငုံ့ထားသော ဦးခေါင်းကို ညင်သာဖျော့ဖျော့ မော့လို့။
သွယ်လျခြေချောင်းကလေးတွေ၊ တဆင့်ခြင်း ပန်းချီကားထဲက ပုံသဏ္ဍာန်မှုန်ဝါးကလေး။ ပြတ်သားထင်လင်းစွာ ရှေ့သို့လာရပ်သည်ကို တွေ့ရ၏။ တယုတယသိမ်းထုပ်ထားဆဲဖြစ်သော မမေ့နိုင်မျက်နှာကလေး။ နှုတ်ခမ်းအောက်မှ မှဲ့နက်နက်ကလေးကပင် ပြုံးနေသယောင်။

“အကို ပြန်လာတယ်နော်..

ညီမလေး၏ အသံတို့ အေးတဖွဖွ။ သက်ပြင်းကို ပျော်ရွှင်စွာ ချသည်ဟု မည်သူတို့ သုံးဖူးကြပါသလဲ။ ညီမလေး၏ အပြောမှာ ကိုယ့်ပျော်ရွှင်သက်ပြင်းကလေး။

"အကို ဘယ်တော့မှ ထွက်မသွားခဲ့ပါဘူး ညီမလေးရယ်၊ အမြင်မှာ ပြေးနေပေမဲ့ တချိန်တည်းမှာ အကိုရပ်နေခဲ့တာ။ ညီမလေးရဲ့ ပုလင်းထဲကနေ ဘယ်လိုမှ ခုန်ထွက်မသွားနိုင်တဲ့ ကြယ်စုတ်ကလေးဟာ အကိုပါ"

ညီမလေး ပြုံးလိုက်သည်ဟု ထင်ပါသည်။ ကျနေဆဲ နှင်းပွင့်တို့ တဒင်္ဂရပ်တန့်သွားခြင်း၌ ညီမလေးနှင့် ကိုယ့်ကြား နှင်းဖြူဖြူများပင် အဆီးအတားမရှိတော့။ အဲဒီနှုတ်ခမ်းကလေးကို မက်မောလွမ်းဆွတ်လွန်းစွာ မခွဲစတမ်းနမ်းရှိုက်မိပါသည်။ ကိုယ်စီမျက်ဝန်းတွေထဲ တသသနှင်းများ။ နှင်းဖန်လုံးကလေးထဲမှာ ညီမလေးဆိုပြမယ့် သီချင်းတွေ တပွေ့ကြီး။ ကိုယ့်အရိပ်ထဲက ဂစ်တာသံချိုမြတွေ။
နောက်တကြိမ်ထပ်ပြုံးလိုက်သော ညီမလေးအပြုံးမှာ ကိုယ့်မေတ္တာဖြင့် ခြုံထွေးလိုက်ပါသည်။ နူးညံ့ခြင်း အရိုင်းကောင်တို့၏ မာန်ဖီသံများ။ အသက်တမျှ ချစ်မြတ်ရခြင်းအပွေ့အဖက်တွေ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.