Sunday, January 7, 2018

စိတ် စက် ကွဲ ပြို

တိမ်ပျံကလေး။
နှင်းတွေ။
စံပယ်ဖြူ။
သတိရကြောင်းကို
နာမ်ပုဒ်တွေနဲ့ ပြတဲ့အခါ
ထွက်ပြေးသွားတဲ့ကြောင်ကလေးကို
"သတိရကြောင်" လို့ ခေါ်မယ်။
အဝေးက ကြားနိုင်ဖို့အတွက်တော့
လည်ပင်းမှာ ခြူလုံးကလေးဆွဲထားပေးမှာပေါ့
လက်သည်းကလေးတွေကတော့ ရှည်ပါစေ
ကုတ်ခြစ်ခံရလို့ ထွက်လာတဲ့ မဝေးရဲ သွေးနီဖျော့တွေနဲ့
ခြယ်ထားသော ပန်းချီတချပ်။
ပန်းဟာ မပွင့်သေးလည်း မွှေးနေတော့တာပဲ
ရွက်ကြောကလေးတွေဟာ အသက်ဓာတ်ကို
ဆွဲဆွဲဆန့်လို့။
ပစ်မှတ်ကို ချော်ထိတဲ့ မိုးသားတွေပါ။
ကီးဘုတ်ကလေးထဲ ဝင်ဝင်သေတဲ့ စကားပမာတွေပါ။
သူ့တိမ်ပျံကလေးဟ
ဘယ်တော့မှ ကိုယ်ဆီ မဆိုက်ရောက်ခဲ့ကြောင်း
လက်ကို အကျယ်ကြီး ဆန့်ပြီး မုန်းတယ်
အော်ပြောခဲ့ပါတယ်။
သူ့နားကလေးထဲ
နှင်းတို့ဖြင့် အေးပါစေ။
သူ့အသက်ရှူသံလေးထဲ
စံပယ်တို့ မွှေးပါစေ။
 

နွေရိပ်
အောက်တိုဘာ၊ ၂၀၁၇။
စိတ်စက်ကွဲပြို * ဓနုဖြူတွင် ချီ ရတု - စိန္တကျော်သူ ဦးသြ

No comments:

Post a Comment

Note: Only a member of this blog may post a comment.