Sunday, January 7, 2018

နှင်းရိပ်မှုန်ဝေ

နှင်းပုံပြင်ကလေး ရှိခဲ့တယ်

ဟိုးတုန်းကပေါ့..။

စူးရဲလင်းတောက်နေတဲ့ နေရောင်အောက်မှာ မျက်စိလည် လမ်းမှားပြီး တောက်တောက် တောက်တောက်နဲ့ လျှောက်သွားနေတဲ့ နှင်းပြာပွင့်ကလေးရှိခဲ့တယ်။ အပြာရောင်မျက်လုံးကလေးတွေဟာ ဝိုင်းစက်အံ့သြလို့၊ ဒီလို ရာသီဥတုမျိုးထဲ သူဘယ်လိုရောက်လာမှန်းမသိ ဝေခွဲမရဖြစ်နေတဲ့ နှင်းချပ်ဖြူလွ ဖွေးဆွတ်ကလေး။

နွမ်းလျတဲ့ဟန်ကလေးဟာ သူ့ကြည်လင်မျက်နှာကလေးမှာ အတိုင်းသားပေါ်နေတာပေါ့။ မသက်ဆိုင်တဲ့ ကမ္ဘာထဲရောက်လာမိသူ နှင်းဖြူကံဆိုးကလေး။

ရာသီဥတုနဲ့ တခြားသူတွေရဲ့ပူလောင်ငွေ့တွေကြောင့် သူ့ခန္ဓာကိုယ်ကလေးဟာ တတိတိ ပျော်ကျလာပါတယ်။ အလင်းထဲ မွန်းကျပ်ခြောက်ခြားနေတဲ့ နှင်းကလေးဟာ အနီးအပါးမှာ ခိုနားစရာ ဝပ်ကျင်းကလေးတခုခုရှိလေမလား ဝေ့ဝဲကြည့်ပေမဲ့ အချိန်နဲ့အမျှ တစက်စက်ပျော်ကျနေတဲ့ သူ့အတွက် သက်ပြင်းတခိုစာကလေးတောင် ပြေးဝင်စရာမရှိဘူးတဲ့။ သနားစရာ ဖြူလျော်နှင်းကလေး။
အဲဒီညှိုးရော်နှင်းကလေးဟာ နှုတ်ကနေ နှင်းမှုန်တွေ တသွင်သွင်စိမ့်စီးလွင့်ဝဲတဲ့အထိ ဖြတ်သွားဖြတ်လာ အလင်းထဲက တချို့သူတွေကို နာကျင်စွာ အကူအညီလှမ်းတောင်းပါသေးတယ်။ ငဲ့ကြည့်ရုံကလေးတောင် မစာနာကြသူတွေကြားထဲက မှိတ်တုတ်နှင်းကလေး။

အပူဓာတ်ကြောင့် တစစပျော်ကျလာပြီဖြစ်တဲ့ နှင်းကလေးဟာ လွတ်လိုလွတ်ငြား တိမ်စကလေးတမျှင်ကို မောဟိုက်နေတဲ့ကြား လှမ်းဆွဲမိရာက ခုပြောနေတဲ့ နှင်းပုံပြင်ကလေး ဖြစ်လာခဲ့ပါတယ်။ ငံ့လင့်သူ မျှော်တဝံ့ဝံ့နှင်းကလေး။

တိမ်စကလေးဟာ ပျော်ကျနေပြီဖြစ်တဲ့ နှင်းကလေးကို လက်ကမ်းခဲ့ပါတယ်။ ဟင့်အင်း.. လက်ကမ်းရုံ ဘယ်ကမှာလဲ။ လေနဲ့တခြားသော တိုက်စားပွတ်တိုက်ပဲ့ပါမှုတွေကြောင့် ပါးလျားနေပြီဖြစ်တဲ့ သူ့ခန္ဓာကိုယ်ကလေးဆီကနေ တိမ်စလွှာသေးသေးကလေးကို ဆွဲထုတ် လှီးဖြတ်ပြီး မရဲတရဲနှင်းကလေးရဲ့ ဆံနွယ်ကလေးတွေထက် ပန်ဆင်ချိတ်ဆွဲပေးလိုက်တာပေါ့။ Frozen ကာတွန်းထဲက နှင်းရုပ်ကောင်ကလေးပေါ် မိုးထားတဲ့ တိမ်ကလေးလို အေးမြရနံ့တွေ တသွင်သွင်ရွာနေတဲ့ တိမ်ပန်းစကလေးပေါ့။ စောင့်စားသူနှင်းကလေးရဲ့ ပျော်ကျနေတဲ့ဖြစ်စဉ်ဟာ ချက်ချင်းရပ်တန့်သွားပါတယ်။ မပျော်တော့ခြင်းမှာ ပျော်ရွှင်နေတဲ့ ခုန်ဆွနှင်းကလေး

တစစ ပြန်ဖွဲ့တည်လာတဲ့နှင်းကလေးရဲ့ ပူလောင်ခဲ့ခြင်းတွေဟာ သူ့တံစက်မြိတ်ကလေးအောက်မှာ ပျောက်ဆုံးသွားလိမ့်မယ်လို့ တိမ်စကလေးခမျာ ထင်နေရှာခဲ့တာပေါ့။ ကြည်နူးစိတ်အဟုန်နဲ့ တလွင့်လွင့်ခါလို့ ပြုံးနေခဲ့တာပေါ့။ ဒါပေမဲ့.. ခုအပိုဒ်မှာတော့ ရနံ့စူးသူ တိမ်ပါးလျလေး။

တကယ်တော့ နှင်းကောင်ကလေးရဲ့ ပူလောင်မှုတွေဟာ ချုပ်ငြိမ်းခဲ့ပါသေးတယ်။ ထပ်ပြီး ဒါပေမဲ့ပါပဲ။ စိတ်မကောင်းစရာတခုက အအေးဓာတ်ဆိုတာ မီးတမျိုးပဲ မဟုတ်လားလေ။ နှင်းကလေးရဲ့စိတ်မှာ အေးမြမှုထက်ပိုနေတဲ့ အရာတွေ ရှိနေခဲ့ပါတယ်။ တဖြည်းဖြည်း အေးခဲလာတဲ့ တိတ်ဆိတ်သူနှင်းစိမ်းကားကလေး။

အဲဒီအချိန်မှာပဲ ခြားနားမှုမြူတွေဟာ နွဲ့နှောင်းပြာဝေစွာ မှိုင်းညို့အုံ့ဆိုင်းလာခဲ့တယ်။ အဲဒီဖုံးလွှမ်းမြူတွေကြား တိမ်စကလေးရဲ့ မျက်မှန်ကိုင်းကလေးဟာ မထင်မှတ်ဘဲ ထောက်ခနဲ ကျိုးပဲ့သွားခဲ့တယ်။ မှုန်ဝေရီနေတဲ့ ပဲ့ကြွေမျက်မှန်ကလေးကို တိမ်စကလေးဟာ အသည်းအသန်ပြန်လည် ရှာဖွေတပ်လို့ နှင်းကလေးကို ရှာပါတယ်။ ခိုသီးနေတဲ့ မြူစတွေကြား ဟိုးအဝေးဆီ ဦးတည်နေတဲ့ နှင်းပွင့်ချပ်ကလေးကို မြူတွေကြောင့်လား မျက်ရည်စတွေကြောင့်လားမသိ မှုန်ဝါးမျက်ဝန်းတွေက တဆင့် လှမ်းမြင်လိုက်ရတယ်။ ခဏကလေးပဲ..။ ခုအပိုဒ်မှာလည်း ထွက်ခွာသူနှင်းနောက်ကျောကလေးကို မခွဲနိုင်မခွာရက် ငေးနေတဲ့ ပျက်ကျသူ တိမ်ဆွေးစကလေး။

တကယ်တော့ ပုံပြင်တွေမှာ ဇာတ်သိမ်းမရှိပါဘူး။ ပြီးပါပြီလို့ ထိုးထားတဲ့စာတန်းနောက်မှာ ဆက်ရန်ဆိုတဲ့ မျှော်လင့်စကားဆက်ကလေး မှတ်မှတ်ရရ ထည့်ပေးလိုက်ရုံပါပဲ။ တယောက်သော ပုံပြောသူ သေဆုံးသွားတဲ့အခါ နောက်ထပ်တဦး ပေါ်လာမှာ..။

အရေးကြီးတာတခုက ပြောမယ့်ပုံပြင်ကလေးတွေဟာ စစ်နေဖို့ပါပဲ၊ ပုံပြောသူဟာလည်း စစ်နေဖို့ပါပဲ။ နောက်ပြီး ပုံပြင်ကလေးတွေကို ချစ်နေဖို့ပါပဲ။

နွေရိပ်
အောက်တိုဘာ၊ ၂၀၁၇။

No comments:

Post a Comment

Note: Only a member of this blog may post a comment.