Sunday, January 7, 2018

ငါ့ဖက်က ရွာရတဲ့မိုးတွေပဲ အမြဲ ငါရွှဲ

ငါနာမည်ပေးမိတဲ့ နှင်းဆီတိုင်း မမွှေးဘူး လို့ အစချီလိုက်တာနဲ့ အိပ်ရာကနိုးလာတဲ့ ဆူးတွေ ငါ့လာစိုက်လို့။ ဇာတ်လမ်းကို ဆက်ကြည့်မိလျက်သား တိမ်တွေရဲ့ နှလုံးတည့်တည့်ကို ပစ်ကွင်းထားပြီး ငါပစ်တယ်။ ပြန်ကန်ထွက်လာတဲ့ အားဟာ ပစ်ထုတ်လိုက်တဲ့အားထက် အဆမတန် နာကျင်ရတာပေါ့လို့ ဘယ်သူတွေဆိုမလဲ ငါမမေးဖြစ်ပေမဲ့ အဆမတန်နာကျင်ရခြင်းကို မတန်တဆ နင့်နင့်ပိုးပိုး။ ပေတံကလေးရဲ့ ဆွဲငင်အားအတွက် တစစီဖြဲဆုတ်ခံစက္ကူတွေဟာ တယောက်မှမသိတဲ့ ငါ့ သိမှုတွေပါပဲ။ နွံထဲကို လည်ပင်းထိ မြုပ်အောင် ဆင်းပြီးမှ အဲဒီနွယ်ကြိုးခွေတွေဟာ လည်မြိုပေါ် ရစ်ပတ်ဆွဲတင်ခံရခြင်း ဟာသပြဇာတ်အတိုကလေး။ ဇာတ်ကောင်ဟာ အထီးတည်းသေနေခြင်းမှာ သိပ်ပီပြင်ခဲ့တာ။ အခန်းထောင့်လို့ ပြောရင် အမှောင်နဲ့ တွဲမြင်တတ်ကြပေမဲ့ အခန်းအလယ်ခေါင်မှာလည်း တမြေ့မြေ့အမှောင်ပါပဲ။ အေးတစက်စက်နှင်းတွေမှာ ဆက်အေးခဲနေဖို့ အကြောင်းပြချက်တွေ အလုံအလောက်။ ဘဲလ်ကလေးကို တီးလိုက်တာနဲ့ အဲဒီတံခါးတွေ ပွင့်လာမယ်ထင်သူတွေကို ငါရယ်ပါတယ်။ ပျံသွားတဲ့ငှက်တွေမှာ သူ့ကောင်းကင်ဟာ ရှိပြီးသား။ ရွာချတဲ့ သွေးတွေမှာ ကိုယ့်မျက်ရည်ဟာ ရှိပြီးသား။ တဖက်တည်းစောင်းနေရတဲ့ ဆီးဆောကလေးဟာ ငယ်ဘဝမှာပဲ ကျန်နေခဲ့မယ်ထင်သူတွေကိုလည်း ငါရယ်ပါတယ်။ လက်တွေဟာ အဲဒီဂဏန်းတွေကို နှိပ်တိုင်း တချောင်းစီ တတိတိပြတ်ကျလို့။ အသေကောင်လို ငါငိုတယ်လို့ပြောတဲ့အခါ မျက်ရည်ကိုပဲ မြင်ဖို့။ သေသူဟာ ငိုကြွေးတတ်သလား မေးခွန်းတွေကို ပယ်ချလွှင့်ထုတ်လိုက်ပါတယ်။ ငါ့အတွက် ငါစိုက်တဲ့နှင်းဆီတွေဟာ ငါ့အတွက် ဘယ်တော့မှ နှင်းဆီလို ငါ့အတွက် မမွှေးပျံ့။


နွေရိပ်
ဒီဇင်ဘာ၊ ၂၀၁၇။

No comments:

Post a Comment

Note: Only a member of this blog may post a comment.