Sunday, January 7, 2018

လီလီ့ပုံပြင်တွေ

နားကြပ်ကို ဆွဲဖြုတ်လိုက်တာနဲ့ ဆွဲဖြုတ်သူပဲ လေလှိုင်းပေါ်က ပျောက်သွားမှာပေါ့။ လီလီ့မှာ အသံလွှင့်ရုံကလေးရှိတယ်။ လီလီ စိတ်ပျော်နေတဲ့အခါ၊ လီလီ့ရေကန်ကလေးထဲ ချစ်တဲ့စိတ်ကလေး ပြည့်လျှံလာတဲ့အခါ၊ အထူးသဖြင့် လီလီသနားလာတဲ့အခါမှာ လီလီဟာ အသံလှိုင်းတွေကို စတင်ထုတ်လွှင့်ပါတယ်။ နားဆင်ချင်တိုင်း မကြားရတဲ့ MHz တွေနဲ့ လီလီ့ချန်နယ်လ်တွေ။ ဘီးလုံးကလေးကို တပတ်မကလှည့်ပြီးရွှေ့လည်း လီလီထုတ်လွှင့်ချင်မှ၊ နောက်ပြီး နားကြပ်ကိုလည်း အမြဲတပ်ထားမှသာ လီလီ့ ပို့လွှတ်ချက်တွေကို ဖမ်းယူရရှိမှာ။ လီလီဟာ တခါတလေ စကားနဲ့ မပြောဘူး။ လီလီဟာ စိတ်နဲ့ပြောတယ်။ တခါတလေကျ လီလီဟာ ဘာမှမပြောပဲ အသံလွှင့်စက်ကလေးကိုပဲ ငြိမ်သက်စွာ ဖွင့်ထားတာပါပဲ။ လီလီ့ဆံနွယ်ကို လေတိုးသံတွေ။ လီလီဟာ မှောင်မိုက်ထဲက အလင်းတစဖြစ်ပြီး၊ လင်းချင်းမှုထဲက အမှောင်ဖြစ်တယ်။ လီလီဟာ မှောင်သူတွေအတွက် အလင်းမီးတိုင်ကလေးဖြစ်ပြီး၊ အလင်းထဲ မိန်းမောနေသူတွေအတွက်တော့ သတိပေးဆိုင်းဘုတ်အမှောင်ရောင်ပဲ။ လီလီဟာ ဟန်ဆောင်ကောင်းတယ်မဟုတ်လားလို့ လီလီ တခါက ပြောဖူးတယ်။ လီလီ့ ဟန်ဆောင်မှုဟာ အစစ်ပါ ဆိုတဲ့စကားအပေါ်မှာ ကောက်ယူချက်တွေ အမျိုးမျိုး ဖြာထွက်ကုန်တယ်။ လီလီစကားပြောမှာလား၊ လီလီသီချင်းညည်းမှာလား ဒါမှမဟုတ် လီလီလှောင်ပြောင်ရယ်မောပစ်မှာလားဆိုတာကို လီလီပဲ ဆုံးဖြတ်တယ်။ လီလီဟာ မာကျောပေမဲ့ တချိန်တည်းမှာပဲ လီလီဟာ ပျော့ပျောင်းနူးညံ့သူဖြစ်တယ်။ လီလီ လက်ဖျောက်တချက်တီးလိုက်တဲ့အခါ ကားလိပ်ဟာ ကျလာမှာလား ဘယ်သူမှမသိနိုင်ပေမဲ့ ဆက်လက်ငေးမောကြတာပါပဲ။ လီလီ့အိပ်မက်တွေထဲ ပါချင်ရင်တော့ အသက်ထက်တန်ဖိုးကြီးတဲ့အရာကို ပေးရတတ်တယ်။ ဒါပေမဲ့ မသေချာပါဘူး။ အိပ်မက်ဆိုတာ သူမက်ချင်သလို မက်တတ်တာမျိုးမဟုတ်လားလို့ လီလီဟာ ပြောတတ်သေးတယ်။ လီလီ့နှုတ်ခမ်းမှာ လူးထားတဲ့အဆိပ်ဟာ နောက်ဘဝမရှိတော့အောင် ကူညီပေးနိုင်သတဲ့။ ညှိုးချုံးပျောက်ကွယ်သွားရမှာမျိုးလားလို့ မေးလာရင်တော့ လီလီဟာ ဘယ်တော့မှ ပြန်ဖြေမှာမဟုတ်ဘူး။ လီလီဟာ စကားအရှည်ကြီး ပြောရမှာကို မုန်းတတ်သူလည်းဖြစ်တယ်။ Let there be light နဲ့တင် စကြဝဠာကြီးတခုလုံး လီလီဟာ ဖန်ဆင်းပြခဲ့သေးတာပဲ။ လီလီ့မှာ ဟဲလို.. ဟဲလို လုပ်ဖို့ အသံလွှင့်ရုံကလေးရှိပါတယ်။ ဒါပေမဲ့ အမြဲလိုလို တိတ်ဆိတ်နေတတ်တယ်။ လီလီဟာ ဘယ်တော့မှ မထုတ်လွှင့်တော့ရင်တောင်မှ ဖမ်းယူနားဆင်လိုသူဟာ အမြဲ စောင့်ဆိုင်းနေဖို့ပါပဲ။ နားကြပ်ကို ဆွဲဖြုတ်လိုက်တာနဲ့ ဆွဲဖြုတ်သူပဲ လေလှိုင်းပေါ်က ပျောက်သွားမှာပေါ့။ ဒါပေမဲ့ နားကြပ်ကို ဆွဲဖြုတ်မပစ်မချင်းလည်း လီလီဟာ ဘယ်တော့မှ အသံလွှင့်မှာမဟုတ်ဘူးလို့ လီလီ့နောက်ဆုံးအသံလွှင့်ချက်ကလေးမှာ လီလီဟာ ပြုံးပြီးပြောခဲ့တာ။


နွေရိပ်
ဇန်နဝါရီ၊ ၂၀၁၈။

No comments:

Post a Comment

Note: Only a member of this blog may post a comment.