လီလီဟာ ပျော်ကျပစ်မှာပေါ့။ လီလီပြုံးတယ်။ လီလီ့အပြုံးဟာ တသွင်သွင်။
လီလီ့အပျော်အရွှင်တွေကို
အခဲကလေးတွေလုပ်ပြီး
သိမ်းဆည်းထားသူရှိတဲ့အထိ လီလီဟာ
ပျော်ပျော်ရွှင်ရွှင်ပျော်ကျလို့။ လီလီဟာ သိပ်အေးစက်တာပဲ လို့ တယောက်ယောက်
စွပ်စွဲလာတဲ့အခါ လီလီလည်း
နွေးထွေးချင်မိတာပေါ့ဆိုပြီး
တသိမ့်သိမ့် ယိုစီးမိပြန်တာပါပဲ။
လီလီ့ လေယူလေသိမ်းမှာ အကုန်ဖျားနာကုန်တာကို လီလီ စိတ်မကောင်းပေမဲ့ လီလီဟာ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ လီလီ့သဘာဝ တမှုန်မှုန်ဖွဲခဲ့တာပါပဲ။ လီလီ့အပြစ်ဟာ
ချစ်ဖို့သိပ်ကောင်းတယ်ဆိုတဲ့
အချက်ကလေးတခုပဲရှိတယ်။
အဲဒီစကားကို ဘယ်သူပြောလိုက်တယ်
လီလီသတိမထားမိပေမဲ့
ရှက်ပြုံးလေးတော့
လီလီပြုံးမိပါသေးတယ်။ လီလီဟာ
တကယ်ပဲ ချစ်ဖို့ကောင်းနေသလား။
လီလီ့တွေးပုံကလေးကိုက
ချစ်စရာဖြစ်နေမှန်း လီလီဟာ
သူ့ကိုယ်သူ သတိမထားမိဘူး။ လီလီဟာ ဆက်ပျော်ကျတယ်။ လီလီဟာ တသိမ့်သိမ့် ဆက်စီးတယ်။
လီလီဟာ သူ့အပျော်အရွှင်တွေကို
အတုံးကလေးလုပ်သိမ်းသူတွေ
ကမ္ဘာပေါ်မှာ မရှိတော့ဘူးလားဆိုပြီး
ဝမ်းနည်းနေပေမဲ့ ထုံးစံအတိုင်း
လီလီဟာ တဖွဲဖွဲ။ တကယ်လို့များ လီလီ့ခရစ်စတယ်ကလေးတွေ စိုက်ပြီး သေဆုံးသွားတဲ့
နွေဦးရာသီတခုရှိခဲ့မယ်ဆိုရင်
လီလီဟာ ပျော်ရွှင်မိမလားမသိတော့ပါဘူး လို့ လီလီညည်းပါတယ်။ ရှိမှာ
မဟုတ်ပါဘူးလို့လည်း လီလီဟာ
တဖက်သတ်ဆက်တွေးတယ်။ ရှိတော့ကော
ဘာအရေးလဲ လို့ လီလီဟာ ကိုယ့်နှုတ်ခမ်းကိုယ် ကိုက်လို့။ လီလီ ခေါင်းကို ဟက်ဟက်ပက်ပက်
ယမ်းတယ်။ နောက်ပြီး အို.. သူ့ထိုက်သူ့ကံပဲလေလို့လည်း လီလီဟာ ဆက်လက်စီးဆင်းသွားပါတော့တယ်။ လီလီ နာကျင်သလား
လီလီကိုယ်တိုင်တောင်
ဝေခွဲမရခဲ့ဘူး။ လီလီဟာ တကယ်ပဲ နှင်းဖြစ်ခဲ့လေသလား လီလီဟာ သိပ်သိချင်မိခဲ့တာ။
နွေရိပ်
ဇန်နဝါရီ၊ ၂၀၁၈။
Dedicated to Hnin
No comments:
Post a Comment
Note: Only a member of this blog may post a comment.