Sunday, January 7, 2018

ညီမကလေးအဖြူရောင်

ချစ်ခြင်းမေတ္တာဆိုတာ ဟိုးကောင်းကင်အမြင့်ကြီးကနေ နတ်သမီးလေးတွေ ကြဲချလိုက်တဲ့ ပုံပြင်အမှုန်ကလေးတွေကဖြစ်လာတာလို့ ပြောတတ်တဲ့ ညီမလေးတယောက် ကောက်ရခဲ့ဖူးတယ်။ ညီမလေး ကြဲချမယ့် ပုံပြင်မှုန်ကလေးကရော ဘာအရောင်လဲလို့ ပြန်မေးလိုက်ရင် ဟိုးအဝေးကို ခပ်ငေးငေးကလေးကြည့်ပြီး ညီမလေးမှာ ကြဲဖြန့်စရာပုံပြင်မရှိပါဘူး အစ်ကိုရာ..၊ ရှိခဲ့တယ်ဆိုရင်လည်း အဲ့ဒီပုံပြင်အမှုန်ကလေးဟာ ခရမ်းရောင်ပဲ ဖြစ်မှာ လို့ ဝမ်းနည်းနေတဲ့မျက်လုံးကလေးတွေနဲ့ ပြန်ဖြေတတ်တဲ့ ညီမလေးမျိုးပေါ့
ဘယ်သူတွေမှာရော အဲလိုညီမလေးမျိုးရှိခဲ့ကြဖူးပါသလဲ။
ကျနော့်ညီမကလေးရဲ့ မျက်ဝန်းတွေကတော့ အဖြူရောင်ပါ။


၁။
အမြဲတမ်းဝမ်းနည်းနေတတ်သော ညီမလေးကို ဝမ်းနည်းကောင်ကလေးဟု ကျနော် နာမည်ပေးထားခဲ့ဖူးပါသည်။ မျက်ရည်တို့နှင့် စိုနစ်နေသော အတောင်ပံများအောက်မှ ညီမလေး၏ ကောင်းကင်မျက်နှာထားကလေးမှာ အမြဲမှုန်ဖျော့နေတတ်သည်။ နေရောင်မျှင်ကလေးတပင်တလေလောက်နှင့် စု၍စည်းနှောင်သိမ်းထုပ်ထားပါလျှင် အလွန်တရာမှ ရင်သပ်ရှုမောဖွယ်ကောင်းသွားမည့် ဆံနွယ်ရှည်ရှည်ကလေးတွေကို ညီမကလေးကတော့ ရှင်သန်လွတ်လပ်လာတိုင်းမှာ အတိတ်အိုဓားတုံးကြီးနှင့် တတိတိလှီးဖြတ်လေးလံနေမြဲ။
တခါတရံ ပေါ့ပါးသောတိမ်စိုင်တွေကို မော့ငေးအားကျတတ်လွန်းသည့် ညီမကလေး၏ မျက်ဝန်းများထဲ၌ ရွှဲရွှဲစိုတိမ်တို့ဖြင့်လေးနစ် အေးစက်နေတတ်သည်ကို ညီမလေး၏ ပျော်ရွှင်သံများ၌ပင် အတိုင်းသား မြင်နေရလေ၏။


၂။
"တခါတခါ ကိုယ့်ကိုယ်ကိုယ် ငါးကလေး ဖြစ်သွားရင် သိပ်ကောင်းမှာပဲ လို့ ညီမလေး တွေးမိတယ်သိလား"
ညီမလေးမျက်ရည်တွေကို အစ်ကို မမြင်ရတော့ဘူးပေါ့ ဆိုသည့်နောက်ဆက်တွဲစကားကို ညီမလေး ဆက်မပြောခဲ့ပေမယ့် ကျနော့်နှလုံးသားနှင့် ဆတ်ဆတ်ကြားခဲ့ရပါသည်။ ထိုသို့ အားနာတတ်လွန်းသော ညီမကလေးကို ငါးကလေးဖြစ်သွားခဲ့လျှင်လည်း မှန်အိမ်ထဲ၌ အလှမွေးထားသော ငါးကလေးအစား ဟိုးပင်လယ်ပြင်ကြီးထဲ အင်အားရှိသ၍ ကူးခတ်ပျော်ရွှင်နေသည့် ငါးမကလေးပဲ ဖြစ်စေချင်ပါသည်။ ကြည်လင်ပြာတောက်နေသော ခံစားမှုအပျော်အရွှင်များထဲ မြူးထူးစွာ ကူးခတ်နေသည့် ညီမလေးအဖြစ်ပဲ မြင်ချင်မိပါသည်
မတော်တဆမျက်ရည်ကျခဲ့လျှင်တောင်မှ ထိုမျက်ရည်များသည် ပျော်ရွှင်မှုကြောင့်တက်လာသော နှလုံးသား၏ မွေ့လျော်ဖွယ် အကြည်ဓာတ် ဒီရေလှိုင်းကလေးများ၏ ရိုက်ခတ်သံတစိတ်တပိုင်းပင် ဖြစ်စေချင်ပါသည်
ထိုစကားများကို ညီမလေးအား ကျနော် မပြောဖြစ်ခဲ့။
တခါတရံ၌ မပြောဖြစ်သောစကားများ၏ အနှစ်သာရသည် အခါခပ်သိမ်းလေးနက်နေလိမ့်မည်ဟု ကျနော် ယုံခဲ့မိပါသည်။


၃။
ညီမလေးမှာ ပုံပြင်တွေအများကြီးရှိတယ် သိလား ဟုပြောတတ်သည့် အဲဒီဝမ်းနည်းကောင်ကလေး၏ ပုံပြင်များထဲ၌ ဝမ်းနည်းဖွယ်ရာ အငွေ့အသက်များဖြင့် စီးဆင်းနေသည်မှာ အံ့သြထူးဆန်းဖွယ်မဟုတ်ပါ။ ထို ဝမ်းနည်းဖွယ် ပုံပြင်ကလေးများအား ပျော်ပျော်ရွှင်ရွှင်ပြောပြနေတတ်သော ညီမလေးကသာ အံ့သြထူးဆန်းဖွယ်ဖြစ်ပါသည်။
ပုံပြင်ထဲ၌ ကိုယ့်ကိုယ့်ကိုယ် ဇာတ်ကောင်အဖြစ်ထားကာ ဝမ်းနည်းနေတတ်သည့် ညီမကလေး၏ ပုံပြောနေသောအခိုက်အတန့်မျက်ဝန်းများကို ရပ်တန့်ထားလိုပါသည်။ ကြည်တောက်နေသည့် မျက်ဆံနက်ကလေး၊ ရွှင်ပြနေသော စကားချိုချို။ ဝမ်းနည်းစရာအဖြစ်အပျက်များကို ပျော်ပျော်ရွှင်ရွှင် နာကျင်စီးမျောနေသည့် ကောင်ဆိုးမကလေး။
အလွတ်ရနေသည့် ပုံပြင်တွေ။


၎။
အိပ်မက်က လန့်နိုးတဲ့ ကြယ်တွေမှာ
ငေးကြည့်စရာ အလင်းရောင်ရှိပါ့မလား
ပုံပြင်ထဲက
အဖြူရောင်မျက်ဝန်းတွေကို အိပ်မက်တယ်။


၅။
ပုံပြင်တွေ ပြောတတ်သော ပုံပြင်ကလေး၏ ပုံပြင်များမှာ ပုံပြင်သာ ဖြစ်ခဲ့ပါပြီ။ စကားလုံးနှင့် ဖွင့်ဆိုရှင်းပြ၍မရသော အရာတွေအများကြီးအနက် ရိုးရှင်းသော အဓိပ္ပာယ်များစွာရှိပါသည်။ ခံစားမှုဖြင့်သာ သိမှတ်နားလည်ယူရသော အရာများထဲ တခါတုန်းက ဟူသော လေးလုံးသောစကားတို့ ပါဝင်ခဲ့ပါသည်။
ညီမလေး မကြဲချခဲ့သော ပုံပြင်အမှုန်ကလေး၏ အရောင်အဆင်းမှာ ခရမ်းရောင် မဖြစ်နိုင်တော့ပါ။ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းများကိုသာ နှစ်ခြိုက်သော ကျနော်နှင့် ညီမလေးကိုယ်တိုင်မပြောခဲ့သော ညီမလေး၏ ပျော်ရွှင်ဖွယ် ဇာတ်သိမ်းကလေး..
ထပ်၍ဆိုပါမည်။
ညီမလေး ကျနော့်အပေါ် မကြဲချခဲ့သော ပုံပြင်အမှုန်ကလေးမှာ ဘယ်သောအခါမှ ခရမ်းရောင်မဖြစ်နိုင်တော့..။


၆။
ဟိုး..ကောင်းကင်အမြင့်ကြီးပေါ်မှ ပုံပြင်အမှုန်ကလေးများ တဖွဲဖွဲ ကျနေသည်ကို တအံတသြ မော့ကြည့်ရင်း "ချစ်ခြင်းမေတ္တာဆိုတာ ဟိုးကောင်းကင်အမြင့်ကြီးကနေ နတ်သမီးလေးတွေကြဲချလိုက်တဲ့ ပုံပြင်အမှုန်ကလေးတွေက ဖြစ်လာတာ" ဟူသည့် အသံကလေးကို ကြားယောင်နေမိသည်။
မပြောဖြစ်ခဲ့သော စကားတို့ကို တိုးတိုးကလေး ရွတ်နေမိသည် ထင်၏။
ဝေးခဲ့ပါပြီ။


၇။
တခါတလေမှာ ကြဲချလိုက်ပေမဲ့ မကျရောက်ခဲ့သော သို့မဟုတ် အဝေးကိုသာ ကျရောက်ခဲ့ရသော ပုံပြင်အမှုန်ကလေးတွေ၏
နာကျင်စွာရှင်သန်နေရသည့် အဖြစ်ကိုညီမလေး သိရှိသွားခဲ့မည်မဟုတ်ပါ။ သိရှိသွားခဲ့လျှင်လည်း ခရမ်းရောင် ထိုအမှုန်ကလေးတို့ ပျော်ရွှင်နေလိမ့်မည်ဟုသာ ညီမလေး၏နှလုံးသား၌ ထင်မှတ်စေလိုပါသည်။

***

ဘယ်သူတွေမှာရော အဲ့သည်လို ညီမလေးမျိုး ရှိခဲ့ဖူးပါသလဲ။ တချိန်က ကျနော် ကောက်ရခဲ့ဖူးသော ညီမလေး၏ မျက်ဝန်းများမှာ အဖြူရောင်သာ ဖြစ်ပါသည်။


နွေရိပ်
စက်တင်ဘာ ၂၀၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.