နွေဦးရောက်လို့ တချိန်က ရော်ရွက်တွေအကြောင်း ပြန်တွေးမိတဲ့အခါ
လူပုဂ္ဂိုလ်တွေနဲ့အတူ အတူဖြတ်သန်းဖူးတဲ့ အဆောက်အဦနေရာတွေ၊ အရောင်အနံ့
စတာတွေဟာ စိတ်ထဲကို သူ့အလိုလို ရောက်လာတတ်တယ်။ ဥပမာ - ခပ်မှိုင်းမှိုင်း
ကော်ဖီဆိုင်ကလေးတဆိုင်ဆိုင်၊ မေးဖျားပေါ်မှာ ထင်းနေအောင် ပွင့်တဲ့
မှဲ့ပန်းနက်နက်ကလေး၊ ဒါမှမဟုတ် ဖျောက်ခနဲချိုးလိုက်တဲ့ လက်ချောင်းကလေးတွေ၊
နောက်ပြီး တီးတိုးစကားသံလေးတခုခု၊ ပင့်သက်မောကလေး စသည်ဖြင့်ပေါ့
သတိရခြင်းမှာ ကျနော်တို့အားလုံး အမှတ်မှားနေကြတာပါပဲ။
ငေးမောမိတဲ့
ရှုခင်းပုံရိပ်တွေဟာ ငေးမောစဉ်ခဏမှာပဲ
ချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့ပြီဆိုတာကို ကျနော်တို့ဟာ သိရက်နဲ့ပဲဖြစ်ဖြစ်
မသိချင်ယောင်ဆောင်ခဲ့ကြပါလိမ့်မယ်။ အဲဒီလို
မသိချင်ယောင်ဆောင်ခဲ့မှုကျိန်စာဟာ ဝါကျင့်နေတဲ့အတိတ်ရဲ့
နွမ်းဖတ်ဒိုင်ယာရီကလေးကို အမှတ်မထင် ဆွဲလှန်ဖွင့်ဖတ်ဖို့
ကြိုးစားမိစဉ်မှာပဲ စတင်အသက်ဝင်တော့တာပါပဲ။
မျက်မှောင်ကို တင်းနေအောင်
ကြုံ့မိမယ်။ တဖျတ်ဖျတ်လန်သွားတဲ့ စာရွက်တွေလို ကိုယ့်အနားကနေ တရွေ့ရွေ့
ဝေးသွား ပျောက်ကွယ်ကုန်တဲ့ တချို့ချို့သောလူတွေ၊ နေရာအဆောက်အဦတွေ၊
အရောင်အဆင်းအနံ့အသက်တွေအကြောင်း စူးစူးနင့်နင့်ကြီးကို တွေးမိဦးမှာပေါ့။
အချိန်တွေဟာ အသက်နဲ့အတူ ပါးလျကုန်တာကို သတိပြုမိတဲ့အချိန်မှာတော့ အရာရာဟာ
နောက်ကျနေနှင့်ပါပြီ။
ကျနော်တို့ဟာ လူပုဂ္ဂိုလ်တွေနဲ့ အဆောက်အဦတွေ၊
အပြုအမူ အရောင်အဆင်းတွေကို စိတ်ထဲမှာတွဲထားပြီး သတိရခြင်းမှာ
အမှတ်မှားနေခဲ့ကြတာပါပဲ။ ကိုယ်သိရှိခဲ့ဖူးသူတွေဟာ ကိုယ်တကယ်သိခဲ့ဖူးသူတွေမှ
ဟုတ်ရဲ့လားလို့ ပြန်တွေးတောမိတဲ့ အချိန်မှာ မှတ်ဉာဏ်တွေကလွဲပြီး
ကျနော်တို့အနား ဘယ်သူမှ တကယ်ရှိမနေခဲ့တော့ပါဘူး။ အရေးကြုံတဲ့အခါ
အဲဒီမှတ်ဉာဏ်တွေကပဲ ကျနော်တို့ကို ကယ်တင်မှာ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.