စိတ်ထဲက စကားသံတွေအကြောင်း ကိုယ့်မှာ အရေးအသားတွေအများကြီးရှိတယ်
နေခြည်ခိုင်ရဲ့။ နာမည်နဲ့ လိုက်ဖက်လွန်းတဲ့ ကိုယ့်ရဲ့ ခိုင်မာသော
နေခြည်မျှင်ကလေး။ အရာရာမှာ ရဲရဲရင့်ရင့် လင်းပစ်လိုက်ပုံကို ကိုယ့်မှာ
ငေးနေရပြန်တာပါပဲ။ ပြတ်သားတယ်၊ လင်းမြတယ်။ ကိုယ့်အတွက်တော့
လောင်မီးကျခဲ့တာပေါ့။ ဝမ်းနည်းနေတဲ့နေရောင်ခြည်ကလေးအဖြစ်တုန်းက
ဆောင်းခေတ်ကို သတိရမိတယ် သိလား။ နှင်းခြုံထည်ကလေးကို နေခြည်ခိုင်ကဖြင့်
မေ့နေလောက်ပါပြီ။ ကိုယ်က အမှတ်သည်းခြေ
သိပ်ကြီးလွန်းတယ်။ အထူးသဖြင့် သိပ်ဆိုးရွားလွန်းတဲ့ လေပြင်းတွေက
ကိုယ့်ဘဝထဲက နေခြည်ခိုင်ကို မှုတ်ငြိမ်းပစ်လိုက်တဲ့ ဒါလီရဲ့ ပျော်ကျနေတဲ့
နာရီသံတွေအပေါ် သိပ်အမှတ်သည်းခြေကြီးတာပဲ။ ကိုယ့်ဖက်မှာ
ကိုယ့်ဝပ်ကျင်းကလေးတောင် ရှိမနေခဲ့ဘူး။ ပန်းတွေပွင့်ပုံဟာ အမြဲလှခဲ့ပေမဲ့
ကြွေကျခွဲခွာရတဲ့အခါမှာလည်း မျက်ရည်ကျရပြန်တာပါပဲ။ ဘဝကို အတိုဆုံးဥပမာနဲ့
ဘယ်လိုဖွင့်ဆိုမလဲ လို့ တယောက်ယောက်က မေးလာခဲ့ရင်လေ မီးခလုတ်ကလေးလို့
ကိုယ်ဖြေဖြစ်ဦးမှာ။ လျှပ်စစ်ဓာတ်ကလေးနဲ့ ဝေးကွာ ပြတ်တောက်နေခဲ့တာကိုတော့
မပြောပြဖြစ်ပဲပေါ့။
ကျန်းမာရဲ့လား နေခြည်ခိုင်။
ကိုယ်ကတော့ဒီရက်ပိုင်းမှာ နေခြည်ခိုင်ဆိုတဲ့ ဓားကလေးကို ရင်ဘတ်ပေါ်
တမြည့်မြည့် ထိုင်သွေးနေမိပြန်တာပါပဲ။ ကျန်းမာပါရဲ့လား။
No comments:
Post a Comment
Note: Only a member of this blog may post a comment.