Wednesday, September 4, 2019

Safety First

စာတွေဖတ်ပြီး သွေးနားထင်ရောက်နေတဲ့သူတွေ တွေ့ဖူးတယ်။ အပြစ်ပြောစရာတော့မရှိပါဘူး။ ယေဘုယျအားဖြင့်တော့ လောကမှာ ငွေရှိတဲ့သူက ငွေဂုဏ်မောက်မယ်၊ ပညာတတ်သူက ပညာဂုဏ်မောက်မယ်၊ အနုပညာဖက်မှာ အားသာချက်ရှိတဲ့သူက အနုပညာပိုင်းဆိုင်ရာ ကိုယ်စီ ဂုဏ်မောက်ကြတာပါပဲ။ ဒီနေရာမှာ ဘယ်လို ဂုဏ်မောက်ပုံမျိုးက သန့်စင်တယ်ဘာညာလည်း ငြင်းချင်စိတ်ရှိမနေပါဘူး။ ကိုယ့်တယောက်တည်းအနေနဲ့တော့ သူ့အားစိုက်မှုနဲ့သူဖြစ်လာကြတာမို့ အတူတူပဲလို့ သတ်မှတ်မိတာပဲ။ ယုတ်စွအဆုံး ဘာမှမယ်မယ်ရရမရှိပဲ နှစ်တွေဖြတ်သန်းလာရလို့ အသက်ကြီးလာတဲ့သူတွေ အရွယ်ဂုဏ်မောက်ကြတာကိုတောင် လူ့စိတ်သဘောအရလို့ပဲမြင်မိတယ်။ အနည်းဆုံးတော့ သူ့ကိုယ်သူ ရှင်သန်အောင် တနည်းနည်းနဲ့ ကိုယ့်အသက်ကိုယ်မွေးလာရတဲ့အတွက် ဂုဏ်မောက်ခွင့်ရှိတာပါပဲလေလို့ပဲ သဘောထားမိတယ်။ ဒါပေမဲ့ အတ္တစွန်းတွေ ငေါငေါကြီးထွက်နေလောက်အောက် တအားမောက်မာလွန်းရင်တော့လည်း ရုပ်ဆိုးတာပေါ့လေ။ အဲ့လိုမျိုးမဖြစ်အောင် ဘယ်လို ချိန်ညှိကြမလဲ၊ ဟန်ချက်ညီအောင်လုပ်ရမလဲဆိုတဲ့အမေးမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတဲ့အခါ ဇော်ဂျီရဲ့ စမ်းကြည့်ဖို့ပဲဆိုတဲ့ကဗျာကို ချက်ချင်းပြေးမြင်မိတာပဲ။

ဉာဏ်ပညာဘာညာတွေ လျှောက်ပြောမနေတော့ပါဘူး။ သတိဆိုတဲ့ နှလုံးတည်းပါပဲ။
အသိဆိုတဲ့စကားကိုကျ ဗဟုသုတလို့ ခေါ်မလား။ သတိကတော့ ဆင်ခြင်ခြင်းပေါ့လေ။ ကိုယ်သိထားတာတွေကို ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်တာကို သတိလို့ပဲ ခပ်လွယ်လွယ်ထားပါတော့။ ကိုယ်နဲ့သက်ဆိုင်ရာ နယ်ပယ်ကနေ ကိုယ်သိထားတဲ့အသိနဲ့ ဖြန့်စဉ်းစားပြီး ပွားများရတာပါပဲ။

ရယ်စရာပြောရရင် သူငယ်ချင်းအချင်းချင်း လက်ဖက်ရည်ဆိုင်မှာ တော်ကီထိုင်ပွားတဲ့အခါ မင်းဘဝမှာ ဘာအရေးကြီးလဲ ရုတ်တရက် မေးတော့ ကိုယ်သွားနေတဲ့နယ်ပယ်ရဲ့ လိုအပ်ချက်အရ Safety လို့ ယောင်ယမ်းဖြေမိသလိုပါပဲ။ တကယ်တမ်းတော့ ရယ်စရာမဟုတ်ပါဘူး။ နောက်ပိုင်းတွေ လုပ်ငန်းခွင်အတွေ့အကြုံကလေး မဆိုစလောက်ရှိလာတော့ အလုပ်အင်တာဗျူးတွေမှာ Safety ပိုင်း ဘာပံ့ပိုးပေးမှုရှိလဲ လို့ ပြန်မေးတတ်လာတယ်။ အမြင့်တခုခုကနေ သံအတိုအစကလေးတခုခု ဘာအကာအကွယ်မှ မရှိတဲ့ခေါင်းပေါ်ပြုတ်ကျလာရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေသိနေတာကိုး။ ထားပါ။ လိုရာဆွဲတွေးသလိုဖြစ်သွားမလားမသိပေမဲ့ ပြောချင်တာက လုပ်ငန်းခွင်မှ မဟုတ်ဘူး ဘဝကို ဖြတ်သန်းတဲ့အခါမှာလည်း Safety ဟာ သိပ်အရေးပါတယ်ဆိုတာပဲ။ လုံခြုံဘေးကင်းပေါ့လေ။
လုံခြုံဘေးကင်းဆိုတဲ့နေရာမှာ ကိုယ်တယောက်တည်းတင်မဟုတ်ပဲ ကိုယ်နဲ့ပတ်သက်ဆက်စပ်တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းစတာတွေ အကုန်ပါတာပါပဲ။ ကိုယ်လုပ်လိုက်တဲ့အပြုအမူ အပြောအဆို အနေအထိုင်တွေကအစ ကိုယ်ကိုယ်တိုင်ကော တခြားသူတွေပါ အထိအရှမရှိအောင် ပြုမူပြောဆိုနေထိုင်ဖို့ သူများအတ္တအစွန်းတွေ အတွေးအခေါ် စံနှုန်းတွေ ကိုယ့်လာမထိရှဖို့၊ ကိုယ့်အတ္တအစွန်းနဲ့ တခြားသူကို မထိခိုက်စေဖို့ စသဖြင့်ပေါ့လေ။

ဘာရယ်မဟုတ်ဘူး။ စာတွေဖတ်တဲ့အခါ၊ ငွေတွေရှာတဲ့အခါ၊ Art work တခုခု လုပ်ဖြစ်တဲ့အခါမျိုးတွေမှာ Safety ပိုင်း သိပ်အရေးပါတယ်ဆိုပြီး ကိုယ့်နယ်ပယ်ထဲကနေ ဆွဲယူတွေးကြည့်နေမိတာတွေပါ။ ဘဝမှာဘာအရေးကြီးလဲဆိုတဲ့အမေးမျိုး လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်လို့ သူငယ်ချင်းတယောက်ယောက်က ထပ်မေးလာခဲ့ရင် ဒီတခါတော့ ကိုယ်ကိုယ်တိုင်ကော၊ တခြားသူတွေပါ လုံခြုံစေဖို့လို့ ဖြေမိမယ်ထင်တာပါပဲ။ ဖြည့်ပြောရရင် ကိုယ့်ကိုယ်ကိုယ်ကော သူများတွေကိုပါ မြှင့်တင်နိုင်တဲ့ ဟန်ချက်မျှတဲ့ လုံခြုံနွေးထွေးမှုပေါ့လေ။ ထင်မိတာပါပဲ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.