Wednesday, September 4, 2019

စန္ဒယားပေါ်က နှင်းတွေ

၁။

ဘဝကို တကိုယ်တည်းအထီးကျန်စွာဖြတ်သန်းရင်း နေဝင်ချိန်သို့ ရောက်ရှိလာသော အဘိုးအိုတဦး၏ နောက်ဆုံးသော ဆည်းဆာအရောင်တို့ အခန်းထဲ မှုန်ဖွဲပြာနွဲ့နေ၏။ တိုတောင်းလွန်းသည်ဟုထင်စဖွယ်ရှိသော လူအဖြစ်မှာမှ နာကျင်ရှည်လျားနေရခြင်းကို စက်ဆုပ်လွန်းနေသည့် အဘိုးအို၏ အပြုံးမှာ ဆည်းဆာအောက်၌ အထင်အရှား။ ထွက်ခွာရမည့်လမ်းကို သူ သိသည်။ စွန့်ခွာရမည့် စစ်တလင်းကို သူမြင်သည်။ စိတ်ကိုတင်းသော်လည်း ခန္ဓာ၏ တရွတ်ဆွဲခေါ်ရာနောက်သို့ ချိနဲ့ပျော့ခွေလွန်းစွာ လိုက်ပါရတော့မည်။
ချုပ်ငြိမ်းလုမီးစာ၏ နောက်ဆုံးဆန္ဒကလေးကိုပင် နားထောင်မည့်သူမရှိခြင်းအဖြစ်၌ စိတ်ကို လျှော့ချမိ၏။ ရွတ်တွပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသော မျက်ရည်စတို့နှင့်အတူ သိစိတ်တခုလုံး မေ့မျောခြင်းအဟုန်၌ မြုပ်လေ၏။

၂။
ကွင်းပြင်အကျယ်ကြီးတခုသို့ သူရောက်နေ၏။ စိတ်တို့ ပေါ့ပါးလန်းဆတ်နေခြင်းကို အံ့သြမဆုံးဖြစ်နေ၍မှ မဆုံးသေး ရုပ်ခန္ဓာတခုလုံး ဖျတ်လတ်ငယ်ရွယ်နေသည်ကို သတိပြုမိသွားပြန်သည်။ စဉ်းစားနေချိန်မရသေးခင်မှာပဲ သူရောက်ရှိနေသော ကွင်းပြင်ကျယ်ကြီးအပြည့် မီးပုံးရောင်စုံများ လွင့်ပျံတက်လာသည်။ တချို့မီးပုံးများမှာ ကောင်းမွန်စွာလွှတ်မတင်ရသေးခင်မှာပဲ ပြန်လည်ပြုတ်ကျပြီး၊ တချို့ မီးပုံးများမှာ သူ့ဦးခေါင်းထက်၌ လှပစွာ ဖြာလွင်ပေါက်ကွဲလေ၏။ အောင်မြင်စွာပျံတက်ပြီး အလှအပဆုံး ပေါက်ကွဲလှပလွန်းသော မီးပုံးပျံများကို သူချစ်သည်။ ဘဝမှာ မီးပုံပျံကလေးတလုံးလည်း ဖြစ်ဖူးချင်လှသည်ကို ပြန်အမှတ်ရမိသွား၏။ မက်မောစွာပင် သူပြုံးဖြစ်လေသည်။

၃။
လွင့်တက်သွားသော မီးပုံးပျံများကို ငြိမ်ဆိတ်လွန်းစွာ ငေးနေခိုက်မှာပဲ ခေါ်သံတစုံတခုကို သဲ့သဲ့ကလေး ကြားရ၏။ ရင်းနှီးလွန်းလှသည့် အသံကလေး။ စိတ်နှလုံး ဝါဂွမ်းတို့ကို နူးညံ့စွာ တို့လာသည့် လေသံသဲ့ကလေး။ ဖြည်းညှင်းစွာ လှည့်ကြည့်မိလေ၏။ ကြည်ရွှင်လွန်းသည့် အပြုံးတို့၌ ချိုသာလွန်းသော ကမ္ဘာကို တည်မိပါသည်။

၎။
သတိပြန်ဝင်လာသောအခါ လဲလျောင်းနေရသော သံကုတင်၏ အေးစက်မာကျောမှုကို အရင်ဆုံးခံစားမိလေသည်။ ပါးပြင်၏ စိုထိုင်းဆကို တွက်ဆ၍ မခြောက်နိုင်သေးသော မျက်ရည်စတို့ကို စိတ်ထဲမှ ကျိန်ဆဲမိပြန်၏။ ခန္ဓာ၏ နာကျင်အားနှင့် စိတ်၏နာကျင်နှုန်းတို့ကို လိုက်လံငေးမောမိပြန်သည်။ အသံထွက် ညည်းတွားသော်လည်း ထွက်ကျမလာသော အသံတို့၌ ပျော်ရွှင်မိပြန်၏။ တိတ်တိတ်ကလေး ပြုံးဖြစ်သည်ဟု ထင်ပါသည်။

၅။
တိတ်တိတ်ကလေးဟု တွေးမိသောအခါ စကားတို့ တခွန်းမှ မဆိုနိုင်ပဲ ပြေးထွက်လာခဲ့ရသော အမောတကော ညနေတခုကို မှတ်မှတ်ထင်ထင် သတိရမိပြန်၏။ ထိုညနေကလေးကို တကြိမ်လောက်များပြန်ရခဲ့လျှင်ဆိုသော အတွေးတို့ဝင်လာသည်။ အခြေအနေတို့ တမျိုးတဖုံ ပြောင်းလဲကောင်းပြောင်းလဲနိုင်လိမ့်မည်။ အနည်းဆုံးတော့ ထိုသို့ သူထင်သည်။ တကြိမ်လောက်များ ပြန်ရခဲ့မည်ဆိုပါလျှင်..။

၆။

"အဲဒီညနေကလေးကို ပေးပါ၊ ငါ့ဘဝထဲက ကြိုက်တာယူပါ"

မိမိစိတ်ထဲမှ အသံ၏ လင်းအားကို တစုံတဦး ကြားမိသွားပုံရ၏။
ရုတ်ချည်း ငြိမ့်ခနဲဖြစ်သွားပြီး ပိတ်ထားသောမျက်ခွံတို့ကို ဝင်းခနဲထိုးဖောက်ဝင်ရောက်လာသော မီးရောင်သဲ့သဲ့ကို နားစွင့်ခံစားလိုက်ရ၏။
ကွင်းပြင်တခုထဲ သူ ထပ်မံရောက်ရှိသွားပြန်သည်။ လွင့်ပျံနေသော မီးပုံးတို့ကို လိုက်လံငေးမောနေတုန်းမှာပဲ ခေါ်သံတစုံတရာကို ကြားရပြန်သည်။ ဟင့်အင်း..။ သေချာနားစိုက်ထောင်လိုက်သောအခါ ခေါ်သံမဟုတ်ပဲ နှုတ်ဆက်သည့် လေသံကလေးကို ရိပ်စားမိသွား၏။
အဲဒီ ညနေကလေး..။
မိမိ၏ Timeline ကို မိမိကိုယ်တိုင် Rape လုပ်မိသည်မှာ ဘယ်နှကြိမ်မြောက်ရှိနေပြီမှန်း မသိနိုင်တော့။ စိတ်၏ တင်းအားကို အတတ်နိုင်ဆုံး လျှော့ချပစ်လိုက်မိ၏။ သက်ပြင်းတို့ ရင်ဝမှာပင် တစ် စိုက်နေလေသည်။

၇။
အခန်းထဲရှိ သံကုတင်တလုံးပေါ်သို့ မှုန်ဖွဲ့ပြာလွင်သော အလင်းတို့ ပျင်းရိလေးပင်စွာ ကျနေ၏။ အဖြေလွှာကို အပ်မိပြီးမှ မှားယွင်းစွာ ဖြေခဲ့မိသည့် အပုဒ်ရေများကို ပြန်လည်ပူဆွေးနေသော စာဖြေသူ၏ မချိတင်ကဲ အပြုံးမျိုး သူ့မျက်နှာပေါ်၌ ထင်ဟပ်နေသည်။
နောက်ဆုံးအနေနှင့် အသက်ကို တဝကြီးရှိုက်သွင်းလိုက်၏။
ဘဝထဲမှ နှုတ်ယူသွားသည်မှာ ဘဝတခုလုံးပင်ဖြစ်နေသော်လည်း အဲဒီညနေကလေးဆီသို့ပင် သူ ထပ်သွားချင်ပါသေးသည်။

နွေရိပ်
ဖေဖော်ဝါရီ၊ ၂၀၁၉။

N For Nothing Before Initial



ရရှိနေခြင်း၌ကန်းခဲ့သောမီးစာတို့အား မပေးအပ်တော့ခြင်းဖြင့် ငါ၏အလင်းကို ချုပ်ငြိမ်းလိုက်သည်။ လက်ဖဝါးကို ဖြန့်ထားသောအခါ ဖြူလွသော နှင်းတို့ ပျော်ကျသံကို ကြားရ၏။ ငါပြုံးဖြစ်သည်။ တောင်ဝှေးအို၏ ဖေးမထောက်ကူနိုင်စွမ်း၌ လုံခြုံချမ်းမြနေသော အဘိုးအို၏ အပြုံးမျိုးဖြင့် ငါပြုံးသည်။ ကိုယ့်လမ်းကိုယ် ဟူသော စကား၏နောက်၌ သူ့လမ်းသူဟူသည့် ဂယက်အနက် တဆက်တည်း လောင်မြိုက်နေခြင်းကို သံသာရဟု ခေါ်သည်လား။ ဆက်သွားရဦးမည်ကို သိပါသည်။ ရပ်တန့်စောင့်ဆိုင်းရခြင်းတွင်လည်း စကားတည်ဦးမည်။ ပန်းရနံ့တို့ကို မြင်လာမိပြန်၏။ နွေ၌ကြွေသောသစ်ရွက်တို့ကို သင်ဟု ငါဆိုမည်။

N For Nothing Initial

တယောက်ယောက်ကို ကောက်ရဖို့ နောက်ပြီး အဲ့ဒီတယောက်ယောက်ကိုပဲ အဓိပ္ပာယ်ရှိရှိ ပျောက်ရှပစ်ဖို့ ကျနော်တို့ ရောက်လာခဲ့ကြတာပဲမလား။ လောကအကျယ်ကြီးထဲ စိတ်လိုလက်ရ ပုခုံးချင်းဝင်တိုက်မိခဲ့ကြပုံတွေပေါ့။ ဘဝမှာ ပြန်မထနိုင်တဲ့အချိန်တွေ ခပ်ကြာကြာကလေး ရှိဖူးသင့်တာပါပဲ။ ကိုယ့် လဲကျခဲ့ပုံကလေး တစိမ့်စိမ့် တွေးဖို့။

Minimalism

အောင်မြင်တာ ကျရှုံးတာကို ငွေကြေးနဲ့ တိုင်းတာကြတဲ့ ခေတ်ထဲမှာ ရပ်ကွက်ထဲ ပူဖောင်းတွေ လိုက်ရောင်းနေတဲ့ လူကြီးကို လောလောဆယ် အားကျမိနေတယ်။ ပူဖောင်းတွေ ရောင်းပြီးလို့ ညနေအိမ်ပြန်ချိန်ဆို ငရုတ်သီးမှုန့်ကလေး ငါးဆယ်ဖိုးလောက်၊ ဆီကလေး တရာဖိုးလောက်ဆိုပြီး ကြက်သွန်ဖြစ်ဖြစ် သုပ်စားဖို့ ဈေးမှာ ဝင်ဝယ်တတ်တယ်။ ရောင်းတဲ့သူက ဘယ်လိုထည့်ပေးရမှန်းမသိလို့ နှရာဖိုးလောက် ယူမလားမေးတော့ 'အရက်သောက်ဖို့ ချန်ထားပါရစေ' လို့ ဖြေသေးတာ။ တနေကုန် နေပူထဲ ပါးဖောင်း ခြေတိုအောင် ပင်ပန်းခဲ့ပြီးမှ စိတ်အပန်းဖြေစရာ ဒီလောက်တော့ သူ့အဖို့ထိုက်တန်တာပါပဲ။ ပူပင်စရာ မိသားစုမရှိရင် ကိုယ့်ဘဝကိုယ် တနေ့ချင်း အဲ့လိုဖြတ်သန်းနေတာ အတော်သဘောကျဖို့ကောင်းတဲ့အချက်ပဲ။ ဝမ်းစာအတွက် ခြေတိုအောင် လျှောက်တယ်။ စိတ်အစာအတွက်တော့ အရက်ကို မူးအောင်သောက်ချင်သောက်မှာပေါ့။ လျှပ်စစ်မီးမရှိလည်း ကျောတခင်းစာမှာ ကြယ်ရောင်လောက်တော့ ရှိနေဦးမှာပေါ့။ တခါတခါ အဝေးကို ငေးမိတဲ့အခါ သူ့စိတ်အာရုံထဲ တယောက်ယောက်ပေါ်လာရင် ဝမ်းသာဝမ်းနည်း ဖြစ်ချင် ဖြစ်မိနေဦးမှာ။ တခြားသူတွေ ဘယ်လိုထင်ထင် ကိုယ်ကတော့ ရိုးရှင်းလိုက်တာလို့ တွေးနေမိတာပါပဲ။ ဘဝမှာ Minimalist ဆန်ဆန်လည်း ရှင်သန်ချင်နေမိတာပေါ့။ အထုပ်အပိုး အနှောင်အတွယ်တွေ လျှော့ချပြီး။

Y For Yelling



အရိပ်ထဲမှာ လှိုက်လောင်နေတဲ့ နွေဥတုဟာလည်း တခြားစကြဝဠာက မပိုင်ဆိုင်ခဲ့ရတဲ့ နှင်းချပ်ခဲကလေးအကြောင်း တမြေ့မြေ့ ထိုင် စိတ်ကူးယဉ်နေလို့ရတယ်မလား။ ဒဏ်ရာတွေကို ယုံတယ်။ နောင်တတွေကို ယုံတယ်။ ကိုယ့်ပြသာဒ်ကလေး မီးလောင်သွားခဲ့တဲ့ အမှိုက်စကလေးရဲ့နေ့စွဲတွေအကြောင်းကို ပို ယုံတယ်။ ဘယ်နှင်းဆီမှ မနှင်းဆီလောက် မစူးစေခဲ့ပါဘူး။ ကိုယ်ရူးခဲ့ရကျိုး နပ်တယ်ဆိုတဲ့အကြောင်းတွေ။

ညီမလေးသို့ (၈)


"ဘဝမှာ တစုံတယောက်ကို အဆုံးစွန်ထိ ချစ်ခဲ့ဖူးတယ်မလား။ ဆက်ရှင်သန်ဖို့အတွက် လုံလောက်တာပါပဲ"

ကိုယ့်အပြောမှာ ညီမလေး၏ တန်ပြန်မေးခွန်းကလေး နှလုံးထဲ တည့်တည့်ထိမှန်လေသည်။

"တယောက်ယောက်ကို အဆုံးစွန်ထိ နာကျည်းမုန်းတီးခဲ့ရင်ကော.."

ပုခုံးကို တွန့်လိုက်ပြီးမှ ဆက်ပြောပြန်သည်။

"ရှင်သန်ဖို့ လုံလောက်တာပဲမလား"

ကိုယ့်အား အဆုံးစွန်ထိ မချစ်မြတ်ခဲ့ဖူးသူ၏ နှုတ်ခမ်းအဟတွင် ဆူးခက်ဓားချွန်တို့ လက်ခနဲ မြင်လိုက်ရ၏။

"ဆက်ရှင်သန်ဖို့ အထောက်အပံ့ဖြစ်တယ်ဆိုရင် ညီမလေးရဲ့ အမုန်းတီးအနာအကျည်းဟာလည်း ပျော်စရာပါပဲ" လို့ ခွန်းတုံ့ပြန်မိသည်လား မပြောတတ်တော့။

ဒဏ်ရာဟာ အမာရွတ်ဖြစ်သွားတယ် သိလား။ ကြယ်တွေလို လဲ့လဲ့ကလေး ပြုံးပြီး တတ်နိုင်သလောက် လင်းမြနေဦးမှာပါပဲ။ ညီမလေးက ဆောင်းရာသီထဲ မှာ ကျန်ခဲ့ပြီး ကိုယ်တယောက်တည်း နွေဥတုဖြစ်နေခဲ့တာ။ ညီမလေးရဲ့ ပုံပြင်ထဲက ခုံတန်းကလေးမှာ ကိုယ့်ပို့စ်ကတ်လေးတွေ အစီအရီ လဲကျသေဆုံးနေခဲ့ရင် နွေဆိပ်သင့်တာလို့ မှတ်ပါ။ မမြင်နိုင်တဲ့စာတွေကို မီးနဲ့တိုက်မှ ပေါ်လာတတ်တဲ့ ငယ်ငယ်က စာရေးနည်းကလေးလိုပေါ့။ အရာအားလုံးဟာ လောင်ကျွမ်းပြီးမှ မြင်ခွင့်ရခဲ့တာ။
စကားသံတို့ စိတ်ထဲမှာတင် ပိတ်မိကျန်ရစ်ခဲ့ခြင်း ပြာဋိတ်ဟာကို အပြုံးဖြင့်သာ ပြခဲ့သည်။ ညီမလေး၏ အမုန်းတရားမှ ပွင့်သော အမည်းရောင်ဘုရားမှာ ကိုယ်ဖြစ်၏။ ခက်ခဲစွာ ရှင်သန်ရခြင်း တရားဦးကို ပြန်မလာမြစ်ထဲ ရွှေခွက်လို တကိုယ်စာ မျှောရစ်ခဲ့ပါသည်။

နှင်းမိုင်အဝေး

ဘဝမှာ ကျနော်တို့ ဘာတွေကို ယုံကြည်မိခဲ့ကြသလဲ မသိချင်တော့တဲ့ နေ့ရက်တွေ ရှိကောင်းရှိကြပါလိမ့်မယ်။ မည်းနက်နေတဲ့ကောင်းကင်ပေါ်က ကြယ်တွေကို ငေးပြီး တစုံတယောက်ရဲ့ မျက်ရည်တွေလို့ သွေးရူးသွေးတန်း ထိုင်အော်ခဲ့ကြဖူးမှာ။ တကယ်တော့ ကိုယ်တိုင်ငိုကြွေးမရတော့ခြင်းဟာ ပြဿနာမှမဟုတ်ခဲ့ပဲ။ တချို့မျက်ရည်တွေက သိပ်လှတယ်။ အနည်းဆုံးတော့ လှခဲ့တာပဲမဟုတ်လား။ ကော်ဖီတခွက်မှာ အချိုဓာတ်ဘယ်လောက်ပါသလဲထက် ကျနော်တို့ဟာ ခါးသက်တဲ့အရသာကလေးကိုသာ တစိမ့်စိမ့် မှတ်မိနေခဲ့တာပေါ့။ နှင်းတွေ ကိုယ့်အနားမှာ မဖွဲတော့ဘူးလို့ပြောပြီး အဲဒီမှတ်ဉာဏ်တွေထဲကနေ ခုန်ခုန်ချတယ်။ လွတ်မြောက်ပါစေ ပြောခဲ့တဲ့ ပင်လယ်ကလေး မြူးထူးထွက်ခွာသွားတာကို တသသ ထိုင်ကြည့်တယ်။ မေ့သွားပါစေဆိုတဲ့ ပို့စ်ကတ်ကလေးတွေ သတိရတိုင်း ခဏခဏ ပို့လို့။ အဲဒီစက္ကူလှေတွေ။ တိမ်တွေဟာ အတိတ်ကိုသယ်ဆောင်လာခဲ့ပြီး ကိုယ့်ရှေ့ရောက်တိုင်း ခဏခဏ ပျက်ကျတယ်။ Gravity ကို လွန်ဆန်ပြီး ပျံတက်သွားတဲ့ ကြယ်တွေဟာ ကိုယ့်မျက်ရည်တွေပေါ့။ နားထဲ ထိုးထည့်ထားတဲ့ နှင်းဆီကိုင်းတွေ မမွှေးတော့ဘူး။ ပျော်ရွှင်သံတွေကို စက်ဆုပ်လာတဲ့အထိ သေးသိမ်သွားတဲ့ နားကြပ်ကလေးဟာ ကိုယ့်မသိတတ်ခဲ့မှုပါပဲ။ Beat သံအကျယ်ကြီးကြားတယ်။ တခါတလေမှာ ပုံပြင်တွေပြန်ရှင်လာဖို့အတွက် ကျနော်တို့ဟာ သေပေးရတတ်ပါတယ်။ ဇာတ်လမ်းအစမှာ လေးတော်ကို တနင့်တပိုး မ, ခဲ့လည်း အသက်ကိုးချောင်းစလုံးဟာ မြားတစင်းတည်းနဲ့။ ဆွတ်ဆွတ်ဖြူနှင်းတွေရဲ့အပေါ် ကြောင်ခြေရာကလေး ရှာမတွေ့တော့။ ကံကုန်ခဲ့ခြင်းမှာ နှမျိုးနှစားရှိပါတယ်။ အဖြတ်ချခံလိုက်ရခြင်းနဲ့ Suicide ချိုချဉ်။

နွေရိပ်
21 March 2018